27.1.08

irrawaddy by saw wai




ဧရာဝတီ
စောဝေ

အိုင်တီခေတ်ရဲ့ပင်လယ်ဝက

တိုင်းပြည်တပြည်ကိုဆန်ပြီး
နှလုံးသားထဲထိ ကြည့်မြင်ခံစားချင်တယ်ဆိုရင်
လူယဉ်ကျေးတို့မွေးဖွားရာမြေ
ဧရာဝတီ …..။

ဂလိုဘယ်လိုက်ဇေးရှင်းထဲကို
စီးဝင်နေတဲ့
သန့်စင်မြစ်
ဧရာဝတီ …..။

သဘာဝရတနာသိုက်ရဲ့နို့ရည်
မြေရဲ့မေတ္တာကို အပြနိုင်ဆုံးစီးဆင်းမှု
သတ္တမြန်မာကိုအလုပ်အကျွေးဆုံးမြစ်
ဧရာဝတီ …..။

ရေအလျဉ်ထဲမှာတော့
အခမ်းနားဆုံးနဲ့ပေါကြွယ်ဝဆုံး
သမိုင်းများအစရဲ့ထိပ်ဆုံး
ကုံလုံကြွယ်ဝမှုတွေ လျှပ်လျှပ်ပြေးနေတဲ့
ဧရာဝတီ …..။

သူ့ကိုမေးတင်လာသမျှ
မြို့ရွာအိုးအိမ်အသက်တွေကို
သူ့သွေးတွေ မြစ်ရေတင် ဖြည့်ပေးမယ်
လူ့ဝမ်းစာတွေအတွက်
ကူဖော်လောင်ဖက်လင်းပိုင်တွေကို
ထွေးပိုက်ထားပေးမယ်
သူကလူလိုပါပဲ
တခါတရံ
ခက်ထန်တိုက်စားမယ်
ပျက်သုဉ်းရတာတွေရှိမယ်
ဒါပေမယ့် သောင်အဖြစ်နဲ့
မြို့မငြိမ်း ထွန်းခဲ့တယ်
ခင်ဝမ်း ထွန်းခဲ့တယ်
အဉ္ဇလီ မောင်မောင် ထွန်းခဲ့တယ်
ထူးအိမ်သင် ထွန်းခဲ့တယ်
........ အသံအဖြစ် ထွန်းခဲ့တယ်
........ စာအဖြစ် ထွန်းခဲ့တယ်
........ အနုပညာအဖြစ်ထွန်းခဲ့တယ်
....... သူရဲကောင်းတွေအဖြစ် ထွန်းခဲ့တယ်
....... အာဇာနည်တွေထွန်းခဲ့တယ်
တို့မြေရဲ့ ကြက်သီးထဖွယ်
မျိုးချစ်စိတ်ကိုတွေ့ချင်ရင်
ဧရာဝတီကို ငုံ့ကြည့်လိုက်ပါ
ထာဝရလက်လက်ထနေမြဲ
ဘယ်လောက်လှနေလဲဆို
တိုင်းပြည်တပြည်ရဲ့ရာဇ၀င်ကို
လက်ထပ်ပေါင်းဖော်ရမယ့် သတို့သမီး
သူ့ဝမ်းမှာ
သူရဲကောင်း မဟာသူရဲကောင်းတွေကို
အမြဲလွယ်ထား အမြဲမွေးဖွားစေခဲ့
ဧရာဝတီ …..။

မြန်မာ့မြေပေါ်မှာ
ဒီအမြဲမြစ်မရှိရင်
ဒီလောက်လှပါ့မလား
ဧရာဝတီ …..။
သူ့မျက်နှာထက်
ဖြတ်သွားဖြတ်လာ
ဗိုလ်မြတ်ထွန်း
န၀ဒေး
မကွေး
အင်းဝ
ရတနာပုံ
ဗလမင်းထင်
တံတားကြီးခြောက်စင်း
အပြုံးမပျက် သယ်ပိုးထား
ဧရာဝတီ …..။

နေလစကြာဝဠာကြီးကို
အမြဲအပြုံးမြမြ နဲ့
တို့မြေကိုလှပစေခဲ့
ဧရာဝတီ …..။

သူ့ခေါင်းထက်က
ဆံနွယ်ပိုးသားလို
မေခ မလိခ ချင်းတွင်း
အပျိုစင်သတို့သမီးကို
ယင်ဖိုမသန်းရအောင်
လိုက်လံစောင့်ရှောက်နေတဲ့
စစ်တောင်းနဲ့သံလွင်မောင်ငယ်နှစ်စင်း
အိုင်တီသမိုင်းသစ်ရဲ့ထာဝရအပျိုစင်
ဧရာဝတီ …..။

တိုင်းပြည် တပြည်ရဲ့ မရှိမဖြစ်မြစ်
သမိုင်းဟောင်းတို့ထုပ်သိမ်းရာ
သမိုင်းသစ်တို့ချီတက်ရာ
မဟာရာဇ၀င်များရဲ့မိခင်သတို့သမီး
မရှိမဖြစ်မြစ် ဧရာဝတီ …..။

ဒီဧရာဝတီ စီးဆင်းတဲ့မြေမှာ
ငါတို့လည်း
မရှိမဖြစ် ဖြစ်ရမယ်
သိပ္ပံခေတ်ရဲ့ စီးဆင်းခြင်းမှာ
မီရာဉာဏ် မီရာလက်နဲ့
မရှိမဖြစ်ခေတ်ကိုဖြတ်သန်းမယ်
တနေ့
ဧရာဝတီလို ခိုင်မာရမယ်
ဧရာဝတီက အိုင်တီ ကိုအောင်ရမယ်
we must win
အားလုံး ဧရာဝတီ
ဧရာဝတီဆိုတာ တို့အားလုံးပဲ
ဧရာဝတီ …..။ ။

(၂၀၀၇ ဒီဇင်ဘာ ၁၅ မှ ၂၅ အတွင်း ရေးသားသည်)

စာပေစိစစ်ရေးက စာပိုဒ် ၄ ပိုဒ် ဖြုတ်ခဲ့သည့် နွယ်နီမဂ္ဂဇင်းတွင် ဖော်ပြခံရသော ကဗျာဆရာ စောဝေ၏ ဧရာဝတီ ကဗျာ ဖြစ်သည်။

ဒီကဗျာကို www.irrawaddy.org/bur မှာ တင်ထားတယ်။
အိုးဝေစင်္ကာပူမှာလည်း တင်ထားတယ်။

Read More...

news on Saw Wai ( in Eng



စောဝေအကြောင်း သတင်းများ (အင်္ဂလိပ်ဘာသာဖြင့်)
1. The Associated Press: Myanmar Poet Arrested for Critical Poem

2. Myanmar poet arrested - UPI.com

3. Reporters sans fronti'res - Burma

4. CBC.ca Arts - Burmese arrest poet over love verse with secret message

5. Poet arrested for writing "Power Crazy Than Shwe"

6. Secret message in Valentine's verse lands Burmese poet in prison - Asia, World - Independent.co.uk

7. Burmese poet accused of hiding anti-junta message in love poem - On Deadline - USATODAY.com

8. AFP: Valentine poem makes hidden swipe at Myanmar junta

9. BBC NEWS Asia-Pacific Burma poet held for secret insult

10. Burmese poet arrested over coded message - ABC News (Australian Broadcasting Corporation)

11. Dissident love poem lands Burma author in jail - Telegraph

12. The Hindu News Update Service

13. TV3 > News > Story > Burmese poet held for insulting poem

Read More...

25.1.08

art by saw wai

စောဝေရဲ့ လက်ရာများလို့ ဆိုတယ်။ ပေါ်ပြူလာဂျာနယ်အွန်လိုင်းက ယူတယ်။








Read More...

article in mizzima


စောဝေ နှင့် ကျနော်
ဆိုင်းမေကူး


Friday, 25 January 2008 17:21

www.mizzimaburmese.com/content/view/503/1/




(၁) ကျနော်နှင့်စောဝေသည် သူငယ်ချင်းမဟုတ်ပါ၊၊ မိတ်ဆွေလည်းမဟုတ်ပါ။ ခေတ်ပြိုင် အနုပညာသမားလည်း မဟုတ်ပါ။ ဒါနဲ့များ ကြီးကြီးကျယ်ကျယ် ကျနော်နှင့် စောဝေဆိုပြီး စာရေးရ ကောင်းမည်လားဟု အပြစ်မတင်စေချင်ပါ။ ကျနော် ကိုစောဝေနှင့် နာရီဝက်ခန့် အတူ ရှိခဲ့ဖူးသည်၊၊ ငါးမိနစ်ခန့်လည်း စကား ပြောဖူးပါသည်၊၊ သူရေးသော ကဗျာ (၁ဝ) ပုဒ်ခန့်လည်း ဖတ်ဖူးပါသည်။ ထူးအိမ်သင် အမှတ်တရ ဆောင်းပါးများကို ရေးပြန်တော့လည်း စောင့်ဖတ်ခဲ့ဖူးပါသည်။ သူ့စာများကို သူနှင့်တွေ့ဖူးပြီး နောက်ပိုင်းမှ သတိထား ဖတ်ခဲ့ခြင်း ဖြစ်သည်။

တကယ်တမ်းမှာတော့ လူပုဂ္ဂိုလ်ချင်းမသိခင်၊ မမြင်ခင်ကတည်းကပင် သူ၏ဖန်တီးမူများက လွှမ်းမိုးခဲ့ကြောင်း နောက်မှ သိခွင့်ရခဲ့သည်၊၊ သူ၏ စာပေ အနုပညာများနှင့် စခဲ့ခြင်းတော့ မဟုတ်ခဲ့ပါ။ ကျနော် အလွန်ကြိုက်သော ပဲပုပ်ချက် အပါအဝင် ခရမ်းချဉ်သီးထောင်း၊ ပဲငပိ အစရှိသော အရံဟင်း (၁ဝ) မျိုးခန့် အလကားရသော မြန်မာ ထမင်းဆိုင်နှင့် စရပေလိမ့်မည်။

သူငယ်ချင်းတယောက်က အလွန် စားကောင်းသော မြန်မာထမင်းဆိုင် ခေါ်သွားမည်။ ကျနော် မကြိုက်ပါက ကျသင့်ငွေကို သူရှင်းမည်ဟု အာမခံဖြင့် ခေါ်သွားခြင်း ဖြစ်သည်။ မခန်းမနားနှင့် သပ်သပ်ရပ်ရပ် ရှိပါသည်။ ဆိုင်အဝင်ဝတွင် ရေးထားသော စာသားအား ကြည့်၍ ပြုံးစိစိ ဖြစ်သွားခဲ့မိသည်။ “မြန်မာငပိထောင်း ကမ္ဘာကို လွှမ်းစေရမည်” တဲ့။ ဗိုလ်ခင်ညွန့်၏ အားကစားတော့ “ပလုံ” သွားခဲ့ပြီ၊ ငပိထောင်းတော့ မည်သို့ ရှိသည် မသိရပါ။ ဆိုင်ထဲ ရောက်သွားသောအခါ မျက်နှာစာ တည့်တည့်တွင် ဗိုလ်ချုပ် ဓါးစလွယ်ခုတ် နေသည့်ပုံကို ပုံကြီးချဲ့၍ စမတ်ကျကျ ချိတ်ဆွဲထားသည်။ ဘေးနံရံ တဖက်တချက်စီတွင်လည်း contemporary art အမျိုးအစား ဖြစ်ပုံရသော ပန်းချီကား နှစ်ချပ်ကို ချိတ်ဆွဲထားသည်။ ချိတ်ဆွဲထားပုံက သာမာန် အလှဆင်ထားခြင်းမျိုး မဟုတ်ပဲ ခမ်းခမ်းနားနား ချိတ်ဆွဲထားခြင်း ဖြစ်သည်။ ထိုစဉ်ကတည်းက ဤဆိုင်ပိုင်ရှင်သည် အနုပညာကို ထဲထဲဝင်ဝင် စိတ်ဝင်စားသူ ဖြစ်ကြောင်း ကိုယ့်ဘာသာ မှတ်ချက်ချခဲ့သည်။ အလွန်မြိန်ခဲ့ကြပါသည်၊၊ ပိုက်ဆံပေးစားရသော ဟင်းများထက် အလကားရသော အရံဟင်းများက ပို၍ ကောင်းနေခဲ့သောအခါ လောကကြီးအား ဆင်ခြင်စရာလိုလို ရီစရာလိုလို ပြောကြရင်းနှင့် ကျနော် ကိုယ်တိုင် ကျေကျေနပ်နပ် ငွေရှင်းပေးပြီး ဖြစ်နေခဲ့သည်။ အပြန်ကြမှ ဆိုင်နာမည်အား သတိထားဖတ်မိသည်။ “အဓိပတိ” တဲ့။

လူပျိုလူလွတ်လည်းဖြစ်၊ မိသားစုနှင့်လည်းဝေး၊ ဖျင်းကလည်းဖျင်းသဖြင့် ရန်ကုန်သည် ကျနော့်အတွက် အမြဲတမ်းလိုလို အစားအသောက် အဆင်မပြေ ဖြစ်နေတတ်သည်။ စိတ်လိုလက်ရ ထမင်းဆာလာတိုင်း ဗိုလ်ချုပ်ဓားစလွယ်သိုင်းနေသော ထမင်းဆိုင်ကိုသာ မြင်ယောင်တတ်လာသည်။ အဓိပတိ ထမင်းဆိုင် ဗဟန်းကနေ လှည်းတန်း ရောက်လာလျှင်ကောင်းမှာပဲဟု တွေးမိနေတတ်ခဲ့သည်။

ထမင်းဆိုင်ဋီကာ ချဲ့နေခြင်းမှာ အခြားကြောင့်တော့ မဟုတ်ပါ၊၊ ကျနော် စွဲလမ်းခဲ့သော ပဲပုပ်ချက် နှင့် ဗိုလ်ချုပ်ဓားစလွယ်ခုတ် ထမင်းဆိုင် ပိုင်ရှင်မှာ ကဗျာဆရာစောဝေ ဖြစ်ကြောင်း အယ်ဒီတာ တယောက်နှင့် စကားဆက်စပ်မိရာမှ သိခဲ့ရသောကြောင့် ဖြစ်သည်။ နောက်ဆက်တွဲ အနေနှင့်တော့ သူသည် (ဖြူးဆိုလား၊ ဇေယျဝတီ ဆိုလား) မြို့က ဖြစ်ကြောင်း၊ အထိုက်အလျှောက် ငွေရေးကြေးရေး အဆင်ပြေသူ ဖြစ်ကြောင်း၊ ပစ္စည်းများ တွဲဆက်၍ ပြသသော ပန်းချီ အမျိုးအစားများဖြင့် ပြပွဲ လုပ်ဖူးသူ ဖြစ်ကြောင်း၊ နာမည်ကြီးသူများ ပေါင်း၍ နာမည်ကြီးအောင် လုပ်နေသူဖြစ်ကြောင်း … အစ ရှိသဖြင့် မမေးပဲ ကြားခဲ့ရသေးသည်။

သူနှင့် မိနစ် (၂ဝ) ခန့် အတူ ရှိနေခဲ့ခြင်းဆိုသည်မှာလည်း ချောက်တီးချောက်ချက် ကျနော့် ပန်းချီပြပွဲသို့ လာရောက်ခဲ့စဉ်ခါက ဖြစ်သည်။ ဟန်းဖုန်းခါးချိတ်နှင့် အသက် (၄ဝ) ကျော် ဇာတ်လိုက် မင်းသားများကဲ့သို့ စမတ်ကျသူ တယောက်က “ကျနော် ကဗျာဆရာ စောဝေပါ” ဟု မိတ်ဆက်လာသောအခါ ၊ အနည်းငယ် ဘဝင်မကျ ဖြစ်မိခဲ့ပါသည်။


မြန်မာပြည် နှင့် ကဗျာဆရာ၊
ကဗျာဆရာ နှင့် ဟန်းဖုန်း
ဟန်းဖုန်း နှင့် မြန်မာပြည်
ရုတ်တရက် ဆိုတော့လည်း။ ။

(၂)
ဘယ်အမှန်တရားမှ ပိန်းပိတ်အောင်
မမှောင်စေရဘူး
ကမ္ဘာကြီးရေ...
ငါ့ကိုရရှိထားတာလည်း
နင့်အတွက် သယံဇာတ တခုပါပဲ၊
ကမ္ဘာကြီးနင့်ရဲ့ သယံဇာတတွေကို
စစ်ဆိုတဲ့ ဘီလူးကြီးက
မသဒ္ဓါရေစာ စားသုံး
ကုလသမဂ္ဂက ဆာဂျီယိုဒီမဲလိုးကို လွမ်းတယ်
ကမ္ဘာကြီး
ရောဂါ ဘယနဲ့ ကပ်ဆိုတဲ့ မိစ္ဆာက
အလစ်ဝင်သုတ်
မြန်မာပြည်က ကဗျာဆရာလို့
အမည်ခံမသွားတဲ့
ဆရာ မြသန်းတင့်ကို လွမ်းတယ်
ကမ္ဘာကြီး
ငါကဗျာဆရာ
နင့်သံယံဇာတအဖြစ်ကပျောက်မသွားဖို့
အမေပေးခဲ့တဲ့ အသက်သွေးကို
အားအဖြစ်မွေး
အနုပညာဆိုတဲ့ ဒိုင်းလွှားနဲ့ကာကွယ်
ကဲ လာစမ်း
ဘယ်လိုလက်နက်မျိုးနဲ့မဆို
ရန်သူ ...
ငါကဗျာဆရာကွ
မင်းကို ရေနွေးကြမ်းနဲ့မြည်းပစ်မယ်


စောဝေ


စံပယ်ဖွေးဖွေးနေ့များသို့ ချီတက်ချင်းမှ
မဟေသီ သြဂုတ် ၂ဝဝ၎


သူနှင့်ဆုံပြီးနောက်ပိုင်း သူ့ကဗျာများကို သတိထားပြီး ဖတ်ဖြစ်ခဲ့သည်၊၊ ဘယ်သူတွေ ဘာပြောပြော၊ ကျနော် ဘာမြင်မြင် သူကဗျာများက သူ့တန်ဖိုးကို ဖော်ပြနိုင်ခဲ့ပါသည်။

(၃)
ယခု သူနှင့်နောက်တကြိမ် ပြန်ထိတွေ့ခွင့်ရခဲ့ပြန်ပါပြီ။ ပြည်သူတွေရဲ့ အသံကို သူဖွင့်ပြနိုင်ခဲ့ပြီ။ အာဏာရှင်တွေကို အာခံတဲ့နေရာမှာ ကဗျာဆရာတွေဟာ လက်နက်ကိုင်ထားသူတွေထက် သတ္တိရှိကြောင်း နောက်တကြိမ် ပြသခဲ့ပါပြီ။


အခုချိန်မှာ ခင်ဗျား အထုအထောင်းခံနေရလား၊ စိတ်ဓါတ်တွေပြိုပျက်နေချိန်လား။ ဂုဏ်ယူပါတယ် ကိုစောဝေ။ ကဗျာဆရာ ဆိုတာကိုက လောင်းကျွမ်းပြီးသားပါ။ ဒါပေမယ့်ခင်ဗျားက ထွန်းညှိခဲ့တယ်။ ကိုယ်တိုင် အလောင်ကျွမ်းခံ ထွန်းညှိခဲ့တဲ့ မီးစတစ ဟာ အဖိနှိပ်ခံ လူတန်းစားတွေအတွက် လမ်းဖြစ်လာခဲ့မှာပါ။ တောက်ပမှုနဲ့အတူ စောဝေဟာ ပန်းချီကားတချပ်၊ ကဗျာတပုဒ် ဖြစ်တယ်။ ဘယ်သူတွေ ငြင်းမလဲ။ ။ဆိုင်းမေကူး

Read More...

chronology of Saw Wai


ကိုစောဝေသည် ပဲခူးတိုင်း ဖြူးမြို့နယ်၊ ဖြူးမိတ်ဆွေများစာကြည့်အသင်းအား ဦးဆောင်သူတစ်ဦးဖြစ်ခဲ့သည်။ ယင်းစာကြည့်အသင်း၏ ဆုပေးပွဲများကို ၆ နှစ် ၇ နှစ် တိုင်အောင် နှစ်စဉ်ကျင်းရာတွင် ပါဝင်ခဲ့သည်။
ဖြူးမြို့ရှိ ဆက်သွယ်ရေးရုံးစာရေး ကိုစောဝေသည် ၁၉၈၈ ခု ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်သောကြောင့် အလုပ်ထုတ်ခံခဲ့ရသည်။ ၎င်းနောက်ပိုင်းတွင် ရန်ကုန်သို့ပြောင်းရွှေ့အခြေချခဲ့သူ ဖြစ်သည်။ (ဧရာဝတီ)


လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသော အဖြူရောင်သက်တံအဖွဲ့ကို ဦးဆောင်နေသူတဦးလည်း ဖြစ်သည်။
အဖြူရောင်သက်တံအဖွဲ့အား အနုပညာရှင်များဖြင့် စုစည်းထားပြီး အိတ်ခ်ျအိုင်ဗီဝေဒနာရှင် ကလေးငယ်များအတွက် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။
ဝေဒနာရှင် မိဘမဲ့ကလေးငယ် များအတွက် ရန်ပုံငွေရှာဖွေသည့် အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲများကို ရန်ကုန်၊ မန္တလေးများတွင် အာဏာပိုင်တို့က တားဆီးပိတ်ပင်နေသည့်ကြားမှ စီစဉ်နိုင်ခဲ့သူလည်း ဖြစ်သည်။ (ဧရာဝတီ)

ကိုစောဝေ၏ကဗျာများသည် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဖော်ပြခြင်းခံရသည့်အပြင် “ရွက်ပုံးသီး မြို့ပြ” နှင့် “ပန်းဆိုးတန်းစို မှာစိုး” အမည်များဖြင့် ကဗျာစာအုပ်များထွက်ခဲ့သည်။ (ဧရာဝတီ)

“ကျွန်တော်က ဖြူးမှာ စားသောက်ဆိုင်ဖွင့်တယ်။ တဖြည်းဖြည်း အောင်မြင်လာတယ်။ လူလို၊ သူလို ထူထူ ထဲထဲလေး ဖြစ်တော့ မူရင်းစိတ် ကဗျာဆရာဖြစ်ချင်တာက ပြင်းထန်လာတယ်။ ရန်ကုန် ဆင်းလာပါတယ်။ ဇနီးဖြစ်သူ နန်းစန်းစန်းအေးက လူလိုသူလို နေရအောင် ထမင်းဆိုင်လေး ဖွင့်ပေးတယ်။ မဆိုးပါဘူး။ လူလိုသူလိုလေး နေရတယ်ပေါ့။ ကျွန်တော်ခုံမင်တဲ့ စာပေအနုပညာ အသိုင်းအ၀ိုင်းနဲ့လည်း ထဲထဲဝင်ဝင် နေနေရတယ်ပေါ့။ လူသိလာတယ်။ ထင်ရှားလာတယ်။ အောင်မြင်တယ်ပေါ့။

တကယ်တမ်း ထမင်းရောင်းတာပါ။ ဈေးရောင်းတာ။ ဈေးသည်ပါ။ ဒါပေမဲ့ ကဗျာဆရာ၊ အင်စတော်လေးရှင်း၊ အက်တစ်၊ ပါဖောမာ၊ ဒါရိုက်တာ စသဖြင့်တွေက ကွင်းစကွင်းပိတ်တွေ။”
(စောဝေ၊ လျှပ်တပြက်ဂျာနယ်ဆောင်းပါး)

၂၀၀၈ ဇန်နဝါရီ ၂၁ရက်နေ့ထုတ် အချစ်ဂျာနယ်တွင် စောဝေ၏ အောက်ဖော်ပြပါ ကဗျာတစ်ပုဒ် ပါရှိခဲ့သည်။

ဖေဖော်ဝါရီဆယ့်လေး

အာရင်ဘက်က ပြောတယ်
နာ နာခံစားတတ်မှ ခံစားမှ
ရူးရူးမူးမူးကို ဖြစ်နေမှ
ကြီးမြတ်တဲ့အနုပညာလို့
မှူးမှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ
ကြီးတောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါ တဲ့
သန်းပေါင်းများစွာသော ချစ်တတ်သူများ
ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။

စောဝေ
1.10.2008

စာကြောင်းများ၏ ထိပ်ဆုံးစာလုံးများကို စီလိုက်လျှင် “အာနာရူးကြီး မှူးကြီး သန်းရွှေ” ဟူသည့်စာသားကို တွေ့ရသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ရည်ရွယ်သည်ဟု အများက ယူဆကြသည်။

ကဗျာသည် ၂၁-၁-၂၀၀၈ နေ့ထုတ်ဂျာနယ်တွင်ပါရှိသော်လည်း ကဗျာရေးသည့်ရက်စွဲကို ၁-၁၀-၂၀၀၈ ဟု တွေ့ရသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နောက်ဆုံးနေ့ကို ရည်ရွယ်လိုဟန်တူသည်ဟုလည်း အချို့က ဘာသာပြန်ကြသည်။ နောက်ဆက်တွဲဖြစ်ရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ဇန်န၀ါရီ ၂၂
အာဏာပိုင်များက ကဗျာဆရာစောဝေကို စာပေစိစစ်ရေးရုံးသို့ ဆင့်ခေါ်သည်။ ထို့နောက် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ဇန်န၀ါရီ ၂၃
သတင်းဌာနများတွင် ကဗျာဆရာ နှင့် ကဗျာအကြောင်း စတင် ဖော်ပြကြသည်။ ကိုစောဝေက အာဏာပိုင်တို့၏ ခွင့်ပြုချက်ဖြင့်ဇနီးဖြစ်သူ နန်းစန်းစန်းအေးထံ တယ်လီဖုန်း ၂ကြိမ်ဆက်သွယ်စကားပြောသည်။ အသုံးအဆောင်ပစ္စည်းများ တောင်းယူခဲ့သည်။ (ဘီဘီစီ)

ဇန်န၀ါရီ ၂၄
ရန်ကုန်မြို့ နေရာအချို့တွင် ထိုကဗျာမိတ္တူအား ဖြန့်ဝေမှုများရှိသည်။
(ဒီဗွီဘီ၊ ဧရာဝတီ၊ ဘီဘီစီ)

ဇန်န၀ါရီ ၂၅
အာဏာပိုင်များက ကိုစောဝေ၏အိမ်သို့ သွားရောက်စစ်ဆေးရှာဖွေမှုများ ပြုလုပ်သည်၊ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံအပါအ၀င် ပစ္စည်းအချို့ သိမ်းဆည်းသည်။(drlunswe.blogspot.com ၊ ဧရာဝတီ)

Saw Wai is moved to Insein prison. (moemaka, bbc)


ဇန်န၀ါရီ ၂၆
စောဝေ၏ ကဗျာသည် ၂၀၀၇ ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ရေးသားခဲ့သည်၊ စာပေစိစစ်ရေးက ပယ်ခဲ့သည်၊ ယခုနှစ်တွင် အယ်ဒီတာမြတ်ခိုင်က ထပ်မံတင်ရာ ခွင့်ပြုချက်ရခဲ့သည်ဟု ရန်ကုန်တွင် ပြောဆိုနေကြသည်။ (ဒေါက်တာလွဏ်းဆွေ၊ မိုးမခ)


ဖေဖော်ဝါရီ ၂၁

ဇနီးဖြစ်သူ နန်းစန်းစန်းအေး အင်းစိန်ထောင်သို့သွားရောက်စဉ် ကိုစောဝေနှင့် တွေ့ခွင့်ရ။ ပထမဦးဆုံးအကြိမ် ထောင်ဝင်စာတွေ့ခွင့်ရခြင်းဖြစ်။

Read More...

24.1.08

RFA news in burmese



http://www.rfa.org/burmese/news/2008/01/23/poet_arrested_for_coded_poem/
စာဝှက်ကဗျာကြောင့် ကဗျာဆရာ စောဝေ အဖမ်းခံရ
RFA 2008.01.23
ချစ်သူများနေ့ အထိမ်းအမှတ် ဖေဖော်ဝါရီဆယ့်လေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာရေးတဲ့ ကဗျာဆရာစောဝေကို သက်ဆိုင်ရာက မနေ့က ဇန်နဝါရီ ၂၂ရက်မှာ ဖမ်းဆီးခေါ်ယူသွားပါတယ်။ ကဗျာပါတဲ့ တနင်္လာနေ့ထုတ် အချစ်ဂျာနယ်ကိုလည်း သက်ဆိုင်ရာက လိုက်လံသိမ်းဆည်းနေတယ်လို့ ရန်ကုန်စာနယ်ဇင်းအသိုင်းအဝိုင်းက ပြောပါတယ်။

ဇန်နဝါရီ ၂၁ရက်နေ့ထုတ် အချစ်ဂျာနယ်မှာ ကဗျာဆရာစောဝေရဲ့ ဖေဖော်ဝါရီဆယ့်လေး ကဗျာမှာ စာကြောင်းရှစ်ကြောင်းပါရှိပြီး စာကြောင်းတကြောင်းချင်းစီက အစမှာရေးထားတဲ့ စာတလုံးချင်းကို စီဖတ်ရင် ‘အာဏာရူးကြီးမှူးကြီးသန်းရွှေ’ လို့ ဖတ်နိုင်ပါတယ်။ ဒါကြောင့် ကိုစောဝေကို ခေါ်ယူစစ်ဆေးနေတာ ဖြစ်နိုင်တယ်လို့ ရန်ကုန်စာပေအသိုင်းအဝိုင်းက ပြောပါတယ်။

ကိုစောဝေကို ရွှေဂုံတိုင်နေအိမ်က ခေါ်သွားချိန်မှာ သူ့ဇနီး ချက်နည်းပြုတ်နည်းစာအုပ် ရေးသားတဲ့ နန်းစမ်းစမ်းအေးက နေအိမ်မှာရှိမနေပါဘူး။ ကိုစောဝေကို သက်ဆိုင်ရာက ခေါ်ယူသွားတာနဲ့ ပတ်သက်ပြီး၊ ဖြူမြို့မှာ နေတဲ့ သူ့ဆီကို ကိုမြတ်ခိုင်ရဲ့ အမျိုးသမီးက ဖုန်းလှမ်းဆက်ပြီး အချစ်ဂျာနယ်ထဲမှာ ကဗျာပါလို့ အဲဒီကဗျာကြောင့် ငြိုငြင်ပြီး ကိုမြတ်ခိုင်ရော၊ ကိုစောဝေရော ခေါ်ပြီးထိန်းသိမ်းမယ်လို့ ပြောလို့ မယုံပေမဲ့ လှမ်းပြီး စုံစမ်းတဲ့အခါ တကယ်ဖြစ်တဲ့အကြောင်း သိရတယ်လို့ ဆိုပါတယ်။

ကိုစောဝေရဲ့ဇနီးဟာ ဒီနေ့ပဲဖြူးမြို့ကနေ ရန်ကုန်ကိုပြန်ရောက်လာပြီး ကျိုက္ကဆံစစ်ကြောရေးစခန်းမှာ သွားရောက်စုံစမ်းမယ်လို့ ပြောပါတယ်။ အချစ်ဂျာနယ် ထုတ်ဝေခွင့်ရထားတဲ့ ကဗျာဆရာမောင်ပန်းမွှေးက ကိုမြတ်ခိုင်ကို ထုတ်ဝေခွင့်ကဒ်ပြား ငှားစားတာလို့ စာပေနယ်က သိကြပါတယ်။

လျှပ်တပြက်ဂျာနယ်တိုက်ကတော့ ဗိုလ်တထောင်ဘုရားလမ်းမှာရှိပါတယ်။ ကိုမြတ်ခိုင်ကိုလည်း သက်ဆိုင်ရာက မနေ့က ခဏခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

ဂျာနယ်တစောင်ကို ထုတ်ဝေတဲ့ အယ်ဒီတာချုပ်ဟာ သူမသိပါဘူး ပြောလို့မရပဲ ဂျာနယ်မှာ ပါတာမှန်သမျှ အစအဆုံး တာဝန်ယူရမယ်လို့ ရန်ကုန်စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောပါတယ်။

ကိုစောဝေရဲ့ကဗျာပါတဲ့ ဂျာနယ်ကို သက်ဆိုင်ရာကလိုက်လံ သိမ်းဆည်းနေလို့ ဒီကဗျာအကြောင်း လူတွေကြား ပိုပျံ့နှံ့သွားတာလို့ ရန်ကုန်မြို့ခံတဦးကလည်း ပြောပါတယ်။ ကိုစောဝေဟာ မိဘမဲ့ကလေးများအတွက် ရန်ပုံငွေရရှိရေးအတွက် အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲလုပ်ရာမှာ ပါဝင်သူတဦးဖြစ်ပါတယ်။ သူနဲ့ အတူ ကဗျာရွတ်ဆိုတဲ့ ကဗျာဆရာ ကိုအောင်ဝေးကတော့ စက်တင်ဘာ သံဃာ့သပိတ်မှာ ပါဝင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ရာက ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။

Read More...

saw wai poem in ThaRaPhu mag


http://www.geocities.com/lanolay/sw_lifeloop.html

မှာ တွေ့တဲ့ကဗျာ။
လွန်ခဲ့တဲ့ ၁၂ နှစ်က သရဖူမဂ္ဂဇင်းမှာ ရေးခဲ့တာ။

Read More...

23.1.08

poem from thewhiterainbow.blog

http://thewhiterainbow.blogspot.com/2007/06/hiv.html
အဖြူရောင်သက်တံဘလော့ဂ်မှာ တင်ထားတဲ့ကဗျာ


ပြေး HIV ပြေး

HIV . . .
အာဖရိကမှာ ၊ အမေရိကမှာ
ဥရောပမှာ အာရှမှာ
မင်း အလည်လွန်နိုင်လွန်း
ဒါပေမယ့် ငါတို့ဆီတော့ မလာခဲ့နဲ့
ငါတို့က မျက်ရည်တောင် ချွေတာသုံးနေရတာ
ပြေး HIV ပြေး

သမီးလေးရယ်
ပေါ့စတစ်တဲ့လား
သားလေးရယ်
ပေါ့စတစ်တဲ့လား

ကျွန်မကြောင့် အမေကြောင့်
ဆရာဝန်ကြီးရယ် အဲဒီပိုးတွေ
သားနဲ့သမီး ဆီကနေ
အမေ့ကိုယ်ထဲကို ပြန်ထည့်လို့မရဘူးလား

အနာမဲ့သူ သျှင်ပါကူ တဲ့
အရှင်ဘုရားရယ် ဒီဆေးရုံမှာ
တစ်ဆူပွင့်တော်မှုပါ
ပြေး HIV ပြေး

ကျောင်းမှာ ဒီကောင်နဲ့ မပေါင်းနဲ့
ကျောင်းမှာ ဒီကောင်မလေးနဲ့ မပေါင်းနဲ့
အလုပ်ထဲမှာ ဒီကောင်နဲ့ မပေါင်းနဲ့
ကုမ္ပဏီရုံးခန်းမှာ ဒီကောင်နဲ့မပေါင်းနဲ့
စားသောက်ဆိုင်မှာ အဲဒီကောင်နဲ့မပေါင်းနဲ့
ရပ်ကွက်ထဲမှာ. . . . မပေါင်းနဲ့
အနုပညာလောကမှာ . . . . မပေါင်းနဲ့
လူ့လောကကြီးမှာ. . . . . မပေါင်းနဲ့
လူတွေကို လူတွေက
ကျဉ်မထားကြပါနဲ့
.... မလုပ်ကြနဲ့ . . . မလုပ်ကြနဲ့
ပြေး HIV ပြေး

HIV ဆိုတာ
လက်လုပ်လက်စားမှသည် သမ္မတထိ
အိုစမာဘင်လာဒင်မှသည် ဂျော့ဘုခ်ျထိ
မည်သည့်လူမျိုး မည်သည့်အသားရောင်မဆို
လူတွေမှာ ဖြစ်တတ်တဲ့ရောဂါ
လူတွေမှာပဲ တာဝန်ရှိပြီး
လူတွေက ကာကွယ်စောင့်ရှောက်
ဒါ လူ့ကမ္ဘာ
ပြေး HIV ပြေး

ဆေးရုံမှာ ဂေဟာမှာ စာသင်ကျောင်းမှာ
မိဘတွေ မိဘမဲ့တွေ လူတွေဆိုတော့
လူတွေက မေတ္တာနဲ့ ကာကွယ်
မေတ္တာနဲ့ စောင့်ရှောက်ပြီးတော့
အဲဒီ HIV ဆိုတဲ့မိစ္ဆာကို
မေတ္တာနဲ့ ရှင်းမေတ္တာမြှားနဲ့ ခွင်း
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေးHIV ပြေး

HIV . . .
မသေမချင်း မင်းကို
တို့ကမေတ္တာဓား မေတ္တာမြှားနဲ့ ရှင်းခွင်း
တို့ . . . . အောင်စေရမယ် နိုင်စေရမယ်
HIV . . . . ပြေးပြေးပြေးပြေးပြေး

HIV . . .
တို့ရဲ့ ဂလိုဘယ်လိုက်ဇေးရှင်းထဲကို
ခိုးဝင်လာတဲ့ သေမင်းရယ်
မင်းလည်းတစ်နေ့ သေစေရမယ်
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေးHIV ပြေး ။ ။

စောဝေ

Read More...

abc news in eng

Burmese poet arrested over coded message
http://www.abc.net.au/news/stories/2008/01/24/2145396.htm?section=justin

Burmese authorities have arrested a well-known poet after they noticed that one of his love poems contained a hidden message criticising Burma's military leader.


The work by the poet Saw Wai appeared in a popular magazine.
The first words of each line spelled out the message: "General Than Shwe Is Crazy With Power."


General Than Shwe is the current head of state of Burma's military junta.

Read More...

voa news in burmese

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်ခိုက်ထားသော ကဗျာတပုဒ်
မြတ်ခိုင်၏ ပြည်တွင်းထုတ် ဂျာနယ်တစောင်တွင်ပါရှိ

VOA - 22 January 2008

မြန်မာစစ်အစိုးရခေါင်းဆောင်ကို တိုက်ခိုက်ပြောဆိုထားတဲ့ အဓိပ္ပာယ်ထွက်နေတဲ့ကဗျာတပုဒ်ကို ပြည်တွင်းမှာထုတ်ဝေတဲ့ ဂျာနယ်တစောင်မှာ ဖော်ပြခဲ့လို့ အခုဆိုရင်ဒီဂျာနယ်ကို စာပေစိစစ်ရေးက ခေါ်ယူပြောဆိုတာတွေ ရှိနေတယ်လို့ သိရပါတယ်။စာပေအသိုင်းအ၀ိုင်းက ဘာတွေပြောတယ်ဆိုတာ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။



အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ အချစ်ဂျာနယ် မနေ့ကထုတ်ဝေရာမှာ ကဗျာဆရာစောဝေရဲ့ ဖေဖော်ဝါရီ ၁၄ လို့ အမည်ရတဲ့ ကဗျာတပုဒ်မှာ စာသားတွေရဲ့ ထိပ်ဆုံး စာလုံးတလုံးချင်းကို ဖတ်ကြည့်မယ်ဆိုရင် မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်ခိုက်ပြောဆိုထားတဲ့ အဓိပ္ပာယ် ထွက်နေတာပါ။

ဒီကဗျာ အချစ်ဂျာနယ်မှာ ဖော်ပြပါရှိတယ်ဆိုတာ သိတဲ့အတွက်ကြောင့်မို့လို့လည်း စာဖတ်သူတွေကစိတ်ဝင်တစား ဖတ်ရှုကြလို့ ဂျာနယ်လည်း အရောင်းသွက်သွားခဲ့တယ်လို့ ရန်ကုန်မြို့ကစာပေအသိုင်းအ၀ိုင်းက ပြောကြပါတယ်။ တကယ်တော့ ဒီကဗျာဟာ သူ့ခေါင်းစဉ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၄ ဆိုတဲ့အတိုင်း Valentine’s Day ချစ်သူများနေ့ အထိမ်းအမှတ်စပ်ဆိုထားတဲ့ ကဗျာတပုဒ်ဖြစ်ပေမယ့် ကဗျာရဲ့နောက်ကွယ်က အဓိပ္ပာယ်ကို စာဖတ်သူတွေက ဖော်ခဲ့ကြတာပါ။ ဒီလို အဓိပ္ပာယ်ဖော်ထုတ်ကြသူတွေထဲမှာ တချိန်က မြားနတ်မောင်မဂ္ဂဇင်း အယ်ဒီတာတဦးလည်းဖြစ် အခုအခါ ပြည်ပရောက် မြန်မာသတင်းသမဂ္ဂအဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ဒေါက်တာလွဏ်းဆွေလည်း အပါအ၀င်ဖြစ်ပါတယ်။

“ဒီလိုမျိုး ထိပ်ဆုံးစာလုံးတွေကိုယူပြီးတော့ အဓိပ္ပာယ်ဖွက်ပြီး ရေးတာမျိုးကတော့ ဟို တလောကလေးတင် ရန်ကုန်မြို့မှာရှိတဲ့ အထက်တန်းကျောင်းတွေမှာ ကဗျာလေးတပုဒ် ခေတ်စားတယ်ဆိုပြီး အင်တာနက်ပေါ်တက်လာတယ်။ သူက ထိပ်ဆုံးစာလုံးတွေကို တမင်တကာ ရည်ရွယ်ပြီးရေးတာပေါ့။ အဓိကကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဆဲချင်တာပေါ့ဗျာ။ အဲဒါမျိုးက ဟိုတလောကလည်း ရန်ကုန်မြို့က အထက် တန်းကျောင်းတွေက ကလေးတွေပါးစပ်ဖျားမှာ အရမ်းကို ရေပန်းစားခဲ့တဲ့ ကဗျာတိုလေးတခု ထွက်ခဲ့ဖူးတယ်လေ။“အခုလည်း ကဗျာဆရာ ကိုစောဝေက သူရေးတာက သူ့စိတ်ထဲမှာ ဖေဖော်ဝါရီ ၁၄၊Valentine’s Day ကို သွေးရိုးသားရိုးသူရေးတာလည်း ဖြစ်ကောင်းဖြစ်မှာပါ။ ဒါကတော့ ကဗျာဆရာက အသိဆုံးဖြစ်မှာပေါ့။ ကျနော်တို့ကတော့ ကဗျာဆရာ့စိတ်ထဲကို ၀င်ကြည့်လို့ ဘယ်ရမလဲ။ သို့သော် ကျနော်တို့ကလည်း ကိုယ့်အမြင်နဲ့ကိုယ် ဖတ်ရမှာပေါ့”

အခုအခါမှာ ဒီကဗျာဟာ စာဖတ်သူတွေအကြား ဟိုးလေးတကျော် ဖြစ်လာနေတာကြောင့် အာဏာပိုင်တွေကိုယ်တိုင် သိရှိသွားတဲ့အတွက် သက်ဆိုင်ရာ ဂျာနယ်အယ်ဒီတာ ဦးမြတ်ခိုင် အပါအ၀င် တာဝန်ရှိသူတချို့ကို စာပေစိစစ်ရေးက ခေါ်ယူမေးမြန်းမှုတွေ ရှိခဲ့တယ်လို့လည်း ရန်ကုန်မြို့က စာပေအသိုင်းအ၀ိုင်းက ပြောပါတယ်။ ဒီအတွက်အယ်ဒီတာ ဦးမြတ်ခိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ လောလောဆယ် တစုံတရာမှတ်ချက်ပေး မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

“အခု ဘာမှပြောလို့မရသေးပါဘူးဗျာ။ ပြဿနာတက်အောင် ဘာမှမဟုတ်တဲ့ဟာကို ညှောင့်တာပါဗျာ။ အခုလောလောဆယ်တော့ ကျနော် ဘာမှပြောစရာ မရှိသေးပါဘူး”

တကယ်တော့ စာပေစိစစ်ရေးရဲ့ ချုပ်ကိုင်မှုအောက်မှာ ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံက စာပေလွတ်လပ်ခွင့် အခြေအနေတွေနဲ့ ပတ်သက်ရင် နိုင်ငံတကာက လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက မကြာခနဆိုသလို ပြစ်တင်ပြောဆိုလေ့ရှိတာပါ။ ဒီလိုအခြေအနေတွေကြောင့်လည်း အခုလို စာပေကတဆင့် အံတုမှုတွေ ပေါ်ပေါက်နေတာလို့ မြားနတ်မောင်မဂ္ဂဇင်း အယ်ဒီတာဟောင်း ဒေါက်တာလွဏ်းဆွေက ပြောပါတယ်။

“အရမ်းကို စည်းမျဉ်းစည်းကမ်းတွေက အရမ်းတင်းကျပ်ပြီးတော့ အရမ်းဖိနှိပ်နေတဲ့ကာလကြီးမှာ ကျနော်မြင်တာကတော့ ကလေးတွေရွတ်တဲ့ကဗျာရော၊ ကိုစောဝေကဗျာရော တကယ်ဟုတ်တယ်ဆိုရင်လည်း ဒါတွေဟာ လူထု သို့မဟုတ် ကဗျာဆရာတွေက သူတို့ရဲ့ အစိုးရအပေါ်မှာ မကျေနပ်တဲ့ ခံစားချက်တွေကို တနည်းတဖုံနဲ့ ကဗျာကတဆင့် ဖွင့်ထုတ်ပြီး၊ ပြောရရင်တော့ ပုံသဏ္ဌာန်ကဗျာလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိပ်ဆုံးစာလုံးတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ချက်ရှိရှိနဲ့ရေးတဲ့ ကဗျာမျိုးတွေဆိုတော့ ဒါကတော့ ပုံသဏ္ဌာန်ကဗျာလို့ ကျနော်တို့က သတ်မှတ်ပြီး ဒါမျိုးကတကယ့်ကို စာပေစိစစ်ရေးက စာဖတ်မှူးတွေဆိုရင်လည်း မသိရင် မျက်စိလျှမ်းသွားမယ့်ဟာမျိုးပေါ့။ သူတို့က တကြောင်းချင်းပဲဖတ်မှာကိုး၊ အဲလို ဒေါင်လိုက်ဘယ်ကြည့်မလဲ။ အဲဒါမျိုးကျတော့ တကယ့်ကို ပညာပါပါနဲ့ အစိုးရကို တိုက်ခိုက်ပြီးရေးတဲ့ သဘောမျိုးလည်း ဖြစ်နိုင်တာပေါ့။ ဒါမျိုးကတော့ ကဗျာဆရာအနေနဲ့ တကယ်ရည်ရွယ်ပြီးရေးတယ်ဆိုရင် ပိုပြီးတော့လည်း အားထုတ်ရမယ်၊ သူ့မှာလည်း တကယ့်ကို ရည်ရွယ် ချက်ကြီးကြီးမားမား ပြင်းပြင်းထန်ထန်ရှိမယ်လို့ ကျနော် သုံးသပ်မိပါတယ်”

မြားနတ်မောင်မဂ္ဂဇင်း အယ်ဒီတာဟောင်းလည်းဖြစ် မြန်မာသတင်းသမဂ္ဂ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါက်တာလွဏ်းဆွေပါ။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ရန်ကုန်မြို့ကအင်္ဂလိပ်-မြန်မာ ၂ ဘာသာနဲ့ အပတ်စဉ်ထုတ်ဝေတဲ့ မြန်မာတိုင်းမ်စ်ဂျာနယ်မှာ ပြည်ပက ခရီးသွားကြော်ငြာတခု ဖော်ပြခဲ့ရာမှာ စာလုံးတွေကို နောက်ပြန်ဖတ်ကြည့်တဲ့အခါ မြန်မာစစ်အစိုးရခေါင်းဆောင်ကို လူသတ်သမားလို့ ရည်ညွှန်းပြောဆိုထားတာကိုတွေ့ခဲ့ရတာပါ။ အဲဒီတုန်းကတော့ ဒီကြော်ငြာကို ထည့်ခဲ့တဲ့အဖွဲ့က သူတို့ရဲ့လက်ချက်ဖြစ်ကြောင်း နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး သူတို့ဟာ နိုင်ငံတကာက ဖိနှိပ်မှုတွေရှိနေတဲ့ အစိုးရတွေကို တိုက်ခိုက်နိုင်တဲ့ နည်းလမ်းတွေရှိကြောင်း ပြချင်လို့ အခုလို လုပ်ခဲ့တာလို့လည်း ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုက်ခိုက်ရေးသားဟု စွတ်စွဲခံရပြီး
ကဗျာဆရာစောဝေ အဖမ်းခံရ
23 January 2008 ဦးအောင်လွင်ဦး

မြန်မာစစ်အစိုးရ အကြီးအကဲကို တိုက်ခိုက် ဖွဲ့ဆိုထားတယ်လို့ အဓိပ္ပါယ် ထွက်နေတဲ့ ကဗျာတပုဒ်ကို ပြည်တွင်းထုတ် ဂျာနယ်တစောင်အတွက် ရေးစပ်ခဲ့တဲ့ ကဗျာဆရာတယောက်ကို အာဏာပိုင်တွေက ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။ ဒီလိုဖော်ပြခဲ့တဲ့ ဂျာနယ်က တာဝန် ရှိသူတွေကို စာပေ စိစစ်ရေးက ခေါ်ယူစစ်ဆေးမှုတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ အချစ်ဂျာနယ်မှာ ရေးစပ်ခဲ့တဲ့ ကဗျာဆရာစောဝေရဲ့ Valentine’s Day ချစ်သူများနေ့ အထိမ်းအမှတ် ကဗျာက မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို ထိခိုက်ပြောဆိုထားတဲ့ အဓိပ္ပါယ်ထွက်နေတာကြောင့် ကဗျာဆရာကို အာဏာပိုင် တွေက ထိန်းသိမ်းလိုက်တာပါ။ တနင်္လာနေ့က ထုတ်ဝေတဲ့ အချစ်ဂျာနယ်က ဖေဖော်ဝါရီ ၁၄ ဆိုတဲ့ ကဗျာက သာမာန်အချစ်ကဗျာတပုဒ်ဆိုပေမဲ့ ကဗျာရဲ့ ထိပ်ဆုံးစာသားတွေကို စာဖတ်သူ တွေက အဓိပါယ်ကောက်ယူခဲ့ကြတာပါ။ ဒီကဗျာနဲ့ ပတ်သက်လို့ မနေ့တုန်းကတော့ သက်ဆိုင်ရာ အာဏာပိုင်ဖြစ်တဲ့ စာပေစိစစ်ရေးက ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဦးမြတ်ခိုင်၊ ထုတ်ဝေသူ မောင်ပန်းမွှေးနဲ့အတူ ကဗျာဆရာ စောဝေ တို့ကို ဆင့်ခေါ်ခဲ့ပြီး နောက်ဆုံး ကဗျာဆရာကို ထိန်းသိမ်း လိုက်တာလို့ ရန်ကုန်မြို့က စာနယ်ဇင်းသမား တဦးက ပြောပါတယ်။

“ဦးစောဝေကတော့ မနေ့က အဖမ်းခံလိုက်ရတာပေါ့။ သူက စာပေစိစစ်ရေးရုံးမှာ ရောက်နေတဲ့ အချိန် လှမ်းခေါ်လိုက်လို့ ရောက်နေတဲ့အချိန်မှာ တခါတည်း ခေါ်သွားတာပဲ။ SB (အထူးရဲ) လို့ ထင်တာပေါ့။ ကျွန်တော်တို့ ဒီနေ့မနက်မှာ ကြားရတာကတော့ အချစ်ဂျာနယ်တွေကို ဆိုင်တွေမှာ လိုက်သိမ်းတယ် လို့ ကြားရတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်လို့ ကြားရတယ်။ ကိုစောဝေကို ဖမ်းတယ်ဆိုတဲ့ သတင်းလဲ ကြားရတာပေါ့။”

ဒီကဗျာကိုဖော်ပြခဲ့လို့ စာပေစိစစ်ရေးက ဆင့်ခေါ်ခံခဲ့ရသူတွေထဲက တဦးဖြစ်တဲ့ အယ်ဒီတာချုပ် ဦးမြတ်ခိုင် ကတော့ သူတို့ အနေနဲ့ သာမာန်ကဗျာ တပုဒ်အဖြစ်နဲ့ ဖော်ပြခဲ့တာဖြစ်ပြီး စာပေစိစစ်ရေး က အရေးယူမှုတွေ လုပ်မယ် မလုပ်ဘူး ဆိုတာတော့ အခုအချိန်အထိ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့က ကဗျာလို့ပဲ မြင်တယ်။ ကျန်တာ ဘာမှ အခုချိန်မှာ ပြောစရာ မရှိသေးဘူး။ ကဗျာကို ကဗျာလို့ပဲ မြင်တာပဲ။ ခင်ဗျားတို့လည်း စာဖတ်နေတဲ့ သူတွေပဲ သိမှာပေါ့။ ကျွန်တော်တို့ အယ်ဒီတာ တွေကတော့ ကဗျာကို ကဗျာလိုဖတ်၊ စာပေစိစစ်ရေးမူဝါဒနဲ့ ညီနိုင်လား မညီနိုင်လား ဒါပဲ စဉ်းစား တာပေါ့။ ကဗျာတပုဒ်နဲ့ တော့ ဘ၀ကို မလဲပါဘူး။ ဒါက ရှင်းရှင်းလေး။”

စာပေစိစစ်ရေးက ကိုမြတ်ခိုင်တို့ကို ခေါ်ပြောတယ်ဆိုတော့ ကိုမြတ်ခိုင်တို့ဘက်က ရှင်းတာလင်းတာ အဆင်ပြေသွားလား။

“ကျွန်တော်တို့ကတော့ ရှင်းပြခဲ့တာပေါ့။ ရလာဒ်ကတော့ မသိသေးဘူး။”

သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ငြိစွန်းတဲ့အခါ စာစောင်ထုတ်ဝေခွင့်တွေကို အပြီးတိုင် ဒါမှမဟုတ်လည်း အချိန်ကာလတခုအထိ ရပ်နားခိုင်းပြီး အရေးယူတာမျိုးတွေ လုပ်လေ့ရှိတာပါ။ အခုဒီလို မြန်မာစစ်အစိုးရ အကြီးအကဲကို ထိခိုက်တယ်လို့ ဆိုတဲ့ ကဗျာဖော်ပြခဲ့တာကြောင့် အရေးယူမှုတွေ တကယ်တမ်း လုပ်မယ် မလုပ်ဘူးဆိုတဲ့အပေါ် ရန်ကုန်မြို့က စာနယ်ဇင်းသမားတဦးရဲ့ အမြင်ကတော့ -

“အရင်တုန်းကလည်း မြန်မာတိုင်းမှာလည်း အလားတူ ကိစ္စမျိုး ဖြစ်ဖူးတယ်။ မြန်မာတိုင်းမှာတုန်းက ကြေညာကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြဿနာဖြစ်တယ်။ ပြဿနာဖြစ်တဲ့အခါကျတော့ အယ်ဒီတာ အဖွဲ့က မသိလိုက်တဲ့အတွက် အရေးမယူလိုက်ဘူး။ အခုကျတော့ ကိုမြတ်ခိုင်တို့က ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ရှိတဲ့အခါကျတော့ သူတို့ကို အရေးယူဖို့ ကိစ္စကျတော့ ပြောလို့တော့ မရဘူး။ သူတို့ကတော့ အရေးယူမယ် ဘာညာပြောတာပေါ့။ ဒါပေမဲ့ နောက်ဆုံး ကျတော့လည်း ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ကိုစောဝေကျတော့ အဖမ်းခံလိုက်ရတာပေါ့။ ”

ရန်ကုန်မြို့က စာနယ်ဇင်းသမားတဦး ပြောသွားတာပါ။ အခုလောလောဆယ် အာဏာပိုင်တွေက ထိန်းသိမ်းထားတဲ့ ကဗျာဆရာစောဝေ ဟာ အဖြူရောင်သက်တံ့ အမည်ရတဲ့ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင် ကလေးငယ်တွေအတွက် ရံပုံငွေရှာဖွေတဲ့ လုပ်ငန်းတွေမှာ ဦးစီးဦးဆောင် လုပ်ကိုင်နေသူ တဦးလည်း ဖြစ်ပြီးတော့ လူမှုရေးအဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ကိုင်နေသူ တဦးလို့လည်း နီးစပ်သူ စာပေအသိုင်းအ၀ိုင်းက ပြောကြပါတယ်။


Read More...

mizzima news & comments in burmese

“အာဏာရူးကြီး သန်းရွှေ” ရေးလို့ ကဗျာဆရာစောဝေ အဖမ်းခံရ
မဇ္ဈိမသတင်းဌာန/ ချင်းမိုင်
23-1-2008
http://www.mizzimaburmese.com/content/view/491/1/

အချစ်ဂျာနယ်တွင် ဖော်ပြထားသော ကဗျာတပုဒ်နှင့် ပက်သက်၍ ကဗျာရေးသူကို ယမန်နေ့ မွန်းလွဲပိုင်းက စတင်၍ အာဏာပိုင်များက ဖမ်းဆီးထားကြောင်း ရန်ကုန် စာပေအသိုင်းအဝိုင်း အပြောအရ သိရသည်။



အပတ်စဉ်ထုတ် အချစ်ဂျာနယ်တွင် ဖော်ပြခဲ့သော ကဗျာဆရာ စောဝေ၏ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာတွင် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပါယ်ထွက်သော စကားလုံးများ ပါရှိ၍ စစ်ဆေးခံနေရခြင်း ဖြစ်သည်။

ကဗျာဆရာစောဝေကဗျာကို မဇ္ဈိမ ဓာတ်ပုံ ကဏ္ဍတွင် ဖြစ်စေ၊ “ဖေဖေါ်ဝါရီဆယ့်လေး” ကဗျာ လင့်ခ်ကိုနှိပ်၍ဖြစ်စေ ဖတ်ရှုနိုင်ပါသည်။ ကဗျာတွင် ပါသော စာကြောင်းများ၏ ထိပ်ဆုံး စကားလုံးများကို ပေါင်းစပ်လိုက်လျှင် “အာနာ(ဏာ) ရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပါယ်ရသည်။

အချစ်ဂျာနယ်၏ အယ်ဒီတာ ဦးမြတ်ခိုင်ကို ဆက်သွယ် မေးမြန်းသောအခါ “ကျနော်ကတော့ ဒါအချစ်ကဗျာလို့ပဲ ယူဆပါတယ်” ဟု ၎င်းက ပြောဆိုခဲ့ပြီး သူကိုယ်တိုင်လည်း မနေ့က အယူခံလွှာ တင်ခဲ့ကြောင်း မဇ္ဈိမသို့ ပြောသည်။ အသေးစိတ် အချက်အလက်များကို မပြောလိုသေးကြောင်း သူကဆိုသည်။
နောက်နောင် အလားတူအဖြစ်မျိုး ပေါ်ပေါက်ခြင်း မရှိစေရန် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု စာပေစီစစ်ရေးဌာန အကြီးအကဲများက ကြိမ်းဝါးလျှက် ရှိကြောင်းလည်း စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် နှစ်ကလည်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် “Killer Than Shwe” (လူသတ်သမားသန်းရွှေ) ဟု အဓိပ္ပါယ်ထွက်သော ခရီးသွားလုပ်ငန်း ကြော်ငြာပုံစံတူ တခုကို စာပေစိစစ်ရေးက မျက်စိလျှံကာ ဖော်ပြခွင့် ပေးခဲ့ဖူးသည်။ နောက်ပိုင်းတွင် ကြော်ငြာကို ထည့်သွင်းခဲ့သော အဖွဲ့က စစ်အစိုးရကို လှောင်ပြောင်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ တီထွင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သဖြင့် မြန်မာတိုင်းမ်ဂျာနယ်များ ဈေးကွက်တွင် ဝယ်မရအောင် ဖြစ်သွားခဲ့သည်။

ဤအတောအတွင်း ဆရာစောဝေ၏ “ဖေဖော်ဝါရီဆယ့်လေး” နှင့် ပုံစံတူ၊ ခေါင်းလျှော်ဆေး ကြော်ငြာပုံစံ စာသားတခုလည်း အင်တာနက်သုံးစွဲသူ အချင်းချင်းကြားတွင် ပျံ့နှံလျက်ရှိပြီး ဗိုလ်ချုပ်သန်းရွှေကို ဆဲရေး တိုင်းထွာထားသော ထိုကြော်ငြာစာသားသည် ဖတ်မိသူ အချင်းချင်းကြားတွင် ရယ်မောစရာတခု ဖြစ်နေသည်။


ခွန်လင်းချစ်သူ -
အချစ်ကဗျာကနေ အာဏာရူးကဗျာဖြစ်
58.136.135.xxx 2008-01-23 15:57:52
စောဝေကတော့ ချစ်သူများနေ့ အထိမ်အမှတ်အနေနဲ့ ရေးစပ်ထာားတာ ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ.... ဒါပေမယ့် ကဗျာချစ်သူ စာချစ်သူတွေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို စော်ပလော်တီး ချင်တဲ့ အသီသက ရှိနေတာကြောင့် ကဗျာမြင်လည်း အဓိပ္ပါယ် အမျိုးမျိုး ထွင်နေတာပဲ...

ကောင်းတော့ ကောင်းသွားတာပေါ့ အချစ်ကဗျာကနေ အာဏာရူး ကဗျာ ဖြစ်သွားတာ... တကယ်လည်း အာဏာရူးနေတာပဲလေ... အခုဆို သွက်ချာပါဒပါ ရူးနေလောက်ပြီ....

Nge Naing -
ဝေဖန်တာလည်းမခံနိုင်ပဲနဲ့ ခေါင်းဆောင်လုပ်ချင်တယ်
58.111.87.xxx 2008-01-23 16:27:00
ကဗျာဆရာ စောဝေကို ချီးကျူးဂုဏ်ယူ လေးစားပါတယ်။ သူများနိုင်ငံတွေမှာ ဒီလို အနုပညာရှင်တွေက သူတို့ တွေ့မြင်ခံစားရတာကို ထုတ်ဖေါ်ပြသတဲ့ programme တွေကို TV, သတင်းစာ၊ စာနယ်ဇင်းတွေက ဟာသခန်းတွေမှာ ဒီထက်မက ကြီးကျယ်ခမ်းနား ဖေါ်ပြပြီး ဝေဖန်တာတောင်မှ ဝေဖန်ခံရတဲ့ အစိုးရက ပြည်သူလူထုနဲ့အတူ အပြုံးမပျက်ပဲ ကြည့်နိုင်၊ ဖတ်ရှုနိုင်သေးတယ်။ မြန်မာ အနုပညာရှင်တွေမှာ အဲဒီလိုလုပ်ခွင့် မရတာကတော့ ဒီမကောင်းဆိုးဝါးတွေ ကြီးစိုးတဲ့ ခေတ်မှာ လူလာဖြစ်တဲ့ ရှေးဘ၀ကုသိုလ်ကံပဲ ဆိုရမှာပေါ့။ ခေါင်းဆောင်ဆိုတာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဝေဖန်တာကို တည်တည်ငြိမ်ငြိမ် လက်ခံရမည့်အစား အခုဖြစ်နေတာက နည်းနည်းဆိုဖမ်းဆီး ချုပ်နှောင်ဖို့ကလွဲပြီး တခြားဘာမှ လုပ်တတ်တာမတွေ့ရဘူး။ ဒါနဲ့များ အနာဂတ် နိုင်ငံရေးမှာလည်း ယူနီဖေါင်းမချွတ်ပဲနဲ့ မရှက်မကြောက် ၀င်ပြီး ဦးဆောင်ချင်နေသေး။
yangon thar - are you craving for freedom? then be a outlaw
71.202.113.xxx 2008-01-23 16:48:07
"If freedom is outlawed, then only outlaws will have freedom" - Tom Robbins

ပြည်သား -
အာဏာရူးကြီး ရူးတော့သည်
203.120.118.xxx 2008-01-23 17:06:03
မပူပါနဲ့ ဒီ ခွေးရူး မှူးကြီး သန်းရွှေကော၊ ခွေးရူး ကတော် ၀က်ရူး ကြိုင်ကြိုင် ကော၊ ခွေးရူးနဲ့ဝက်ရူးစပ်ကျထားတဲ့ ခွေးရူးဝက်ရူးသူတောင်းစားတွေကော ၄င်းတို့နဲ့ တနွယ်ငင်တစ်စင်ပါ သူတောင်းစားတွေကော..အားလုံး ပိုးစိုးပက်စက် ကျဆုံးချိန် နီးလာပါပြီ။

Boedaw -
Be the Gratefulness for ur peoples
193.37.152.xxx 2008-01-23 17:20:00
ပြည်သူ့ ချဉ်ဖတ်အဖြစ် ဘ၀ကို အဆုံးသတ် ရရှာသော အာဏာရူးများသည် သားစဉ်မျိုးဆက် မကောင်းစား ကြပါဘူး။
“သူတို့လည်း အသက်ထွက်၊ သူတို့ သားသမီးတွေလည်း ဘ၀ပျက်”
အဲဒီ သင်ခန်းစာကို ယူပြီး ပြည်သူချစ်သော သားကောင်း ရတနာများ ဘ၀ကို ရယူပိုင်ဆိုင် နိုင်အောင် ကြိုးစား စွမ်းဆောင် နိုင်ကြပါစေ။

ဂျင် -
ပြည်သူက ပေးသောဘွဲ့
24.70.95.xxx 2008-01-23 23:50:26
ကိုစောဝေ လုပ်ရပ် ပြောင်မြောက် ပါတယ်။စစ်အစိုးရ ဆန့်ကျင်ရေး စိတ်ဓါတ်များ တစ်နေ့ တစ်ခြား တိုးပွားနေပါတယ်။ အနုပညာရှင်များ ပိုမို ပါဝင် လာရင်လှုပ်ရှားမှု ပိုအားကောင်းလာမယ်။

Thatunmon
84.251.20.xxx 2008-01-24 00:03:04
က ဗျာ ဆ ရာ စော ဝေ ရဲ့ ... အာ နာ ရူး ကြီး မှုး ကြီး သန်း ရွှေ ...အ ရေး အ သား အ ရ ဆို ရင် ကျ နော် မြင် တာ က တော့ ......စစ် အ စိုး ရ စာ ပေ စီ စစ် ရေး အ ဖွဲ့ ၀င် တွေ စိတ္တဇ ဖြစ် နေ ကြ တယ် ဆို တာ သေ ချာ လောက် ပါ တယ်။ နာ ကို ဘာ ဖြစ် လို့ များ ဏာ လို့ ထင် နေ ရ တာ လည်း စစ် အ စိုး ရ စာ ပေ စီ စစ် ရေး တို့ ရေး။

KKWin -
It Hurts ......
90.208.71.xxx 2008-01-24 01:21:04
We all have heard ," Ah Nar Baw Doke Kya",The truth hurts when it hits the open wound.





Read More...

irrawaddy news in burmese

ကဗျာဆရာ စောဝေ အဖမ်းခံရ
ကိုသက် ဇန်နဝါရီ ၂၃၊ ၂၀၀၈
http://www.irrawaddy.org/bur/news2008/January/jan_23a_08.html

ကဗျာဆရာ စောဝေ၏ ကဗျာတပုဒ်ပါ စာကြောင်းများ၏ ထိပ်ဆုံးစာလုံးများကို ဒေါင်လိုက်ဖတ်ပါက “အာနာရူးကြီး မှူးကြီး သန်းရွှေ” ဟူသည့်စာသား ထွက်လာ သောကြောင့် ရဲအထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ) က ၎င်းအား ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း ရန်ကုန် စာပေအသိုင်းအဝန်းက ပြောသည်။
အဆိုပါကဗျာကို ယခုအပတ်ထုတ် အချစ်ဂျာနယ်တွင် ဖော်ပြထားပြီး ယမန်နေ့က ယင်းဂျာနယ်၏ ထုတ်ဝေသူ မောင်ပန်းမွှေး၊ အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် ကိုစောဝေတို့ ၃ ဦးကို စာပေစိစစ်ရေးအဖွဲ့က ခေါ်ယူတွေ့ဆုံပြီးနောက် ကိုစောဝေ အား အက်စ်ဘီကဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အယ်ဒီတာ တဦးက ပြောသည်။

“အဖြေထွက်မလာတဲ့ လက်ရှိနိုင်ငံရေးအခြေအနေမှာ အနုပညာရှင်တွေက ရတဲ့ အပေါက်ကနေပြီးတော့ သူတို့ရဲ့ ဆန့်ကျင်တဲ့စိတ်ဓာတ်ကို ပြတာတွေကို တွေ့နေ ရတယ်။ သူတို့ရဲ့ ဝေဒနာကို ရင်ထဲမှာ မခံစားနိုင်တော့လို့ ဖြစ်လာမယ့်ဆိုးကျိုး တွေကိုတောင်မတွေးတော့ဘဲ တကိုယ်တော်ဆန့်ကျင်ရေးတွေ လုပ်လာကြတယ်” ဟု အမည်မဖော်လိုသည့် အယ်ဒီတာက ပြောသည်။

ပဲခူးတိုင်း ဖြူးမြို့ရှိ ဆက်သွယ်ရေးရုံးစာရေး ကိုစောဝေသည် ၁၉၈၈ ခု ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်သောကြောင့် အလုပ်ထုတ်ခံခဲ့ရသည်။ ၎င်းနောက်ပိုင်းတွင် ရန်ကုန်သို့ပြောင်းရွှေ့အခြေချခဲ့သူ ဖြစ်သည်။
ကိုစောဝေသည့် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသော အဖြူရောင်သက်တံအဖွဲ့ကို ဦးဆောင်နေသူတဦးလည်း ဖြစ်သည်။ အဖြူရောင်သက်တံအဖွဲ့အား အနုပညာရှင်များဖြင့် စုစည်းထားပြီး အိတ်ခ်ျအိုင်ဗီဝေဒနာရှင် ကလေးငယ်များအတွက် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။

အချစ်ဂျာနယ်သည် အနုပညာအသိုင်းအဝန်းနှင့် ပတ်သက်သည့် သတင်း၊ ဆောင်းပါးနှင့် ကဗျာများကို ဖော်ပြသည့် ဂျာနယ် တစောင်ဖြစ်သည်။ ယခုအပတ်ထုတ် အချစ်ဂျာနယ်တွင်ဖော်ပြထားသည့် ကိုစောဝေ၏ ကဗျာမှာ “ဖေဖော်ဝါရီဆယ့်လေး” ဟု အမည်ပေးထားသည့် အချစ်ကဗျာတပုဒ်ဖြစ်သည်။

အချစ်ဂျာနယ် ထုတ်ဝေသူ မောင်ပန်းမွှေးနှင့် အယ်ဒီတာ ဦးမြတ်ခိုင်တို့သည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် နီးစပ်သူများ ဖြစ်ကြပြီး ကိုစောဝေ ကဗျာကိုဖော်ပြသဖြင့် ၎င်းဂျာနယ်အား စာပေစိစစ်ရေးက ပိတ်ကောင်း ပိတ်နိုင်သည်ဟု ပြည်တွင်း စာနယ်ဇင်းသမားများက သုံးသပ်ပြောဆိုနေကြသည်။

ယခုအပတ်အတွင်း စာအုပ်ဆိုင်များတွင် အချစ်ဂျာနယ် ဝယ်မရအောင် ကုန်သွားသည်ဟု ရန်ကုန်မြို့ရှိ ဧရာဝတီ သတင်းထောက်က ပြောသည်။

Read More...

irrawaddy news in eng

Poet Arrested After Coded Protest
By Shah Paung
January 23, 2008

http://www.irrawaddy.org/article.php?art_id=10015


Burmese poet Saw Wai has been arrested after authorities deciphered a piece of his work that contained a hidden message criticizing junta leader Than Shwe, according to sources within Rangoon’s literary circle.


Saw Wai The Burmese language poem, titled “February 14,” contains seven lines whose first words spell out “Than Shwe is foolish with power.” The poem was published in the publication Love Journal, which rapidly sold out after its appearance.


A Rangoon editor said Saw Wai was arrested after meeting Special Branch officers in the company of the publisher of Love Journal, Myat Khine, and its editor-in-chef Pan Hmwai. Both are close to the Burmese military authorities.


“Artists are trying to express their feelings in this current political situation in any way they can,” the editor said.


At the time of the 1988 uprising, Saw Wai was on the staff at the communications office in Pyu, Pegu Division, but was sacked after taking part in the demonstrations. Currently he is now leader of the White Rainbow, a social group organized by artists and writers to help care for orphans whose parents died of AIDS.


Meanwhile, two anti-government protesters in Taunggok, Arakan State, were also arrested on Tuesday after shouting demands for the release of detained opposition leader Aung San Suu Kyi, according to eyewitnesses.


Earlier this month, troops and security forces blocked a demonstration by about 200 protesters, including monks, in Taunggok’s market.

Read More...

saw wai's weapon!

ဖေဖော်ဝါရီဆယ့်လေး


အာရင်ဘက်က ပြောတယ်

နာ နာခံစားတတ်မှ ခံစားမှ

ရူးရူးမူးမူးကို ဖြစ်နေမှ

ကြီးမြတ်တဲ့အနုပညာလို့

မှူးမှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ

ကြီးတောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါ တဲ့

သန်းပေါင်းများစွာသော ချစ်တတ်သူများ

ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။


စောဝေ
1.10.2008



Read More...

saw wai photo 1

Read More...

saw wai photo 2

Read More...

saw wai by PhaySoeAung


ကိုဖေစိုးအောင်ရဲ့ လက်ရာဗျာ။

Read More...

saw wai photo 4


Read More...

saw wai photo 5

Read More...

photo from White Raibow blog




အဖြူရောင်သက်တံ ဘလော့ဂ်က ယူထားတဲ့ပုံဗျာ။
အဖြူရောင်သက်တံအဖွဲ့ရဲ့ အခမ်းအနားတစ်ခုမှ ရိုက်ထားတာလို့ ဆိုတယ်။

Read More...

i will save it

(http://thewhiterainbow.blogspot.com/2007/06/hiv.html က ရတဲ့ကဗျာ
တခြား ဘလော့ဂ် တော်တော်များများမှာလည်း တွေ့ရတယ်၊ ဘာကြောင့်လဲတော့ မသိပါ။)

သိမ်းမယ်

အထပ်ထပ်ကြဲချခြေရာများ
နှလုံးသားပေါ်မြတ်နိုးစွာ
သိမ်းမယ်။

ဘာကြောင့်ပစ်ပစ်ဘယ်လောက်ပစ်ပစ်
မင်းမျက်စောင်းတွေအားလုံး
အချစ်နဲ့လဲပြီး သိမ်းမယ်။

မြင်လိုက်တာနဲ့
စံပယ်ဖူးလို စူသွားတဲ့မင်းနှုတ်ခမ်း
မျက်ဝန်းထဲမှာ သိမ်းမယ်။

ရင်ခုန်သံတွေအပေါ်
နင်းသွားတဲ့ မင်းခြေဆောင့်သံ
နားနှစ်ဖက်နဲ့ သိမ်းမယ်။

အထပ်ထပ်ဝါးထားတဲ့
မင်းပီကေလေး
ခေါင်းထက်မှာ သိမ်းမယ်။

တွေ့လိုက်တာနဲ့ချာခနဲ လှည့်အထွက်
အင်္ကျီကြားက မင်းခါးသားလေး
ဝင်းမွတ်စွာ သိမ်းမယ်။

မင်းချွေးသုတ်ပြီး လွှင့်ပစ်တဲ့
တစ်သျှူးပေါ်က အနံ့လေး
အိပ်ကပ်ထဲမှာ အမြဲသိမ်းမယ်။

အမြဲမလစ်လပ်တဲ့ မင်းနှလုံးသား
လပ်ရဲလပ်ကြည့်အတွေးနဲ့
သိမ်းမယ်။

အရမ်းခံစားပြီး
ရေးထားတဲ့ကဗျာလေး
ပေးဖတ်လိုက်တဲ့ အခါ
အစိတ်စိတ်အမွှာအမွှာ ဆုတ်ဖြဲပြီး
ဘာကြောင်တာလဲ ဆိုတဲ့မင်းအသံလေးနဲ့ပဲ
ထုပ်သိမ်းမယ်။

ရည်းစားတစ်ယောက်က တစ်ယောက်အကူး
ထွက်ကျသွားတဲ့ မင်းရယ်သံ
နှုတ်ခမ်းထက်မှာ သိမ်းမယ်။

နေ့ည တွေးသမျှ အတွေးတွေအကုန်လုံး
မင်းသိမ်းသွားတဲ့အခါ
အကြီးကျယ်ဆုံး အရှုံးတစ်ခု သိမ်းမယ်။

ရည်းစားဘဝ
စိတ်ကောက်ရင်ရာထူးတက်တယ်တဲ့
ရည်းစားမဟုတ်သေးပေမယ့်
မင်းစိတ်ကောက်နေတာလေး
စိတ်နဲ့ သိမ်းမယ်။

မတွေ့မမြင်တာကြာလို့ မေးတဲ့အခါဖျားနေတာ
အဖျားတွေ တသက်လုံးသိမ်းပါလား တဲ့
တုံ့ပြန်စကားလုံးများအိမ်မက်ထဲမှာ သိမ်းမယ်။

ရိုက်တော့မယ်လို့မာန်စောင်နေတဲ့
မင်းလက်ဖ၀ါးလေး
ပါးပြင်ပေါ်မှာ သိမ်းမယ်။

အချစ်တစ်ခုတည်းနဲ့သာလိမ်းခြယ်ထားမိတဲ့
ဘ၀လေးကျားသစ်လက်
ငါးမန်းပါးစပ်နဲ့တစ်ဟုန်ထိုး ဟပ်ဟပ်နေတာ
မင်း ...ပြန်မအမ်းတော့ဘူးလားဟင်
သိမ်းချင်လို့ပါ
သိမ်းမယ်။ ။

စောဝေ

Read More...