Showing posts with label article. Show all posts
Showing posts with label article. Show all posts

3.8.08

from www.htooeainthin.com

... ထူးအိမ်သင်ကွယ်လွန်ခြင်း၂နှစ်ပြည့်မှာ စောဝေပြောတဲ့ပုလွေသံ ...

သြဂုတ်လ ၁၄ ရက်နေ့ဟာ ဂီတပညာရှင် ထူးအိမ်သင်ကွယ်လွန်ပြီး နှစ်နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ထူးအိမ်သင်ရဲ့ကဗျာလက်တွဲဖော်များထဲက ကဗျာဆရာကိုစောဝေက ကိုယ်ပိုင်သံစဉ် လို့ အော်နေကြတဲ့အချိန်မှာ ကိုငှက်(ထူးအိမ်သင်)ဟာ နိုင်ငံခြားသား ဂီတပညာရှင်တစ်ယောက်လို ဒါဟာ တကယ်ကိုယ်ပိုင်တဲ့ဂီတဖြစ်တယ်ဆိုတာကို ခိုင်ခိုင်မာမာပြခဲ့တာနဲ့ပတ်သက်ပြီး နောင်လာ နောက်သားတွေ အတုယူလို့ရအောင်၊ သိလည်းသိထားရအောင် ကိုငှက်(ထူးအိမ်သင်)ရဲ့ နှစ်နှစ်ပြည့် အမှတ်တရအဖြစ် ပေါ်ပြူလာဂျာနယ်ကို ယခုလိုပြောပြခဲ့ပါတယ်။

ဒီလ သြဂုတ်လဟာ ကိုငှက်(ထူးအိမ်သင်)ရဲ့ ကွယ်လွန်ခြင်း နှစ်နှစ်ပြည့်တဲ့လပေါ့။ သူ့အတွက် ပြောစရာလေးအဖြစ် ဦးလာတာက တော့ ဓာတ်ပုံလေးတစ်ပုံပေါ့။ ဦးမြတ်ခိုင်က အဲဒီဓာတ်ပုံလေးကို ကျွန်တော့်ကို လက်ဆောင်လာပေးတယ်။ အဲဒီဓာတ်ပုံထဲက ကိုမြင့်မိုး တို့ ဆိုရင်လည်း သူ့ဟာနဲ့ သူ့အလုပ်တွေရှုပ်နေကြတယ်လေ။ ဒီဓာတ်ပုံလေးဟာ လွန်ခဲ့တဲ့ခြောက်နှစ်၊ ခုနစ်နှစ်လောက်က ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးပေါ့။

အဲဒီဓာတ်ပုံထဲမှာပါတဲ့ လေးယောက်က ကျွန်တော်ရယ်၊လီယိုနာဒ်မောင်မောင်လွင်၊ ကိုမြင့်မိုးအောင်၊ ပြီးတော့ ကိုငှက်(ထူးအိမ်သင်)ပေါ့။ ဒီဓာတ်ပုံလေးက ဘာထူးခြားနေသလဲဆိုရင် ပုံထဲမှာ ကျွန်တော်တို့ သုံးယောက်က ကိုငှက်တစ်ခုခု ပို့ချနေတာကို အာရုံစိုက်ပြီး နားထောင်နေကြတဲ့ပုံစံမျိုး။ နောက် ဒီနှစ်ဒီကာလ မှာ မျိုးဆက်သစ် အဆိုတော်လေးတွေက မီဒီယာစာမျက်နှာတွေပေါ်မှာ ဘာတွေပြောလာကြသလဲဆိုတော့ ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲ သွားရောက်ဖျော်ဖြေတာဖြစ်ဖြစ် ကိုယ်ပိုင်သံစဉ်တွေကိုပဲ ဖန်တီးသီဆို တော့မယ်လို့ တော်တော်များများ ပြောလာကြတာကို တွေ့ရတယ်။ အဲဒါနဲ့ဆက်စပ်ပြီး ကျွန်တော်တစ်ခု ပြောချင်တယ်။ ကိုငှက်ရဲ့ နောက်ဆုံးခရီး ပုသိမ်ကိုသွားတဲ့ အကြောင်းလေးပေါ့။ တော်တော်လေး ဂုဏ်ယူစရာ ကောင်းသလို၊ ကြေကွဲစရာလည်းဖြစ်တယ်။ ကိုမြင့်မိုးဘက်ကလည်း အဲဒီအချိန်တုန်းက ဒီကိစ္စကို စာမျက်နှာ ပေါ်မှာ မပြောခဲ့ဘူးပေါ့။ အခုသိပ်မကြာခင်က မဂ္ဂဇင်းတစ်စောင်မှာ ကိုမြင့်မိုးဘက်က ပြောလာတာ ဖတ်လိုက် ရတယ်။ ကိုလူမင်းကလည်း ကျန်စစ်မင်းနဲ့ပတ်သက်ပြီး ပေါ်ပြူလာမှာလည်း ပြောခဲ့တာကိုလည်း ကျွန်တော် ဖတ်လိုက်ရတယ်။ အဲဒါက ဘာလဲဆိုတော့ ကိုလူမင်း မလေးရှားမှာ ကျန်စစ်မင်းဇာတ်ကားအတွက် ကားသွား ဆက်တော့ အဲဒီဇာတ်ကားမှာ သုံးမယ့်ပုလွေသံအခွေကြမ်းလေးကို ကိုငှက်က ထည့်ပေးလိုက်တယ်။ အဲဒီမှာ မလေးက ဂီတပညာရှင်တစ်ဦးက ဒီသံစဉ်ကို ဖန်တီးတဲ့သူနဲ့ တွေ့ချင်တယ်ဆိုပြီး ကိုလူမင်းတို့ သားအဖကို အကူအညီတောင်းတယ်။ အဲဒါက ကိုလူမင်းပြောခဲ့တဲ့အပိုင်းပေါ့။

အခု ကျွန်တော်က ကျန်တဲ့အပိုင်းလေးကို ဆက်ပြောပြမယ်။ ကိုငှက်နဲ့ ကျွန်တော်တို့တွေ ကဗျာ Work Shop လေး လုပ်ဖြစ်နေတဲ့အချိန်မှာ သူ့လွယ်အိတ်ထဲမှာ တခြား Instument တွေမဟုတ်ဘဲနဲ့ မြန်မာဖြစ်ပုလွေ အကြီး၊ အလတ်၊ အသေး သုံးမျိုးလောက်ပါပါလာတာကို တွေ့ရတယ်။ နောက်တော့ သူကပဲ ပြောလာတယ်။ ကိုလူမင်းက ကျွန်တော့်ကို ပုဂံကားတစ်ကားအပ်ထားတယ်တဲ့။ အဲဒီမှာသုံးမယ့် ပုလွေသံကို အခုအချိန်အထိ အားမရသေးဘူးဗျာတဲ့။ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ Recording တွေမှာ အသံဖမ်းတာလည်း သူအားမရသေး ဘူး။ သူလိုချင်တဲ့အရသာကို မရသေးဘူးပေါ့ဗျာ။ ကျွန်တော်တို့နဲ့ ပြောစရာရှိရင်ပြောမယ်။ ပြောစရာမရှိရင် အဲဒီပုလွေကိုမှုတ်ပြီး သံစဉ်ရှာကြည့်နေတယ်။ ဒီလိုနဲ့တစ်ရက် ကျွန်တော်ရယ်၊ ကိုငှက်ရယ်၊ ကိုနေမျိုးဆေး ရယ် သုံးယောက်ဆုံနေကြ Mr. Guiter က စားပွဲလေးမှာ ဆုံဖြစ်တယ်ပေါ့။ ကိုနေမျိုးက မရောက်သေးဘူး။ အဲဒီမှာ သူကဘာပြောသလဲဆိုတော့ ဒီညဧည့်သည်တစ်ယောက်လာမယ်တဲ့။ မလေးကဂီတပညာရှင်တဲ့။ အဲဒါနဲ့သိပ်မကြာဘူး။ မလေးက ဂီတပညာရှင်ဆိုသူ ရောက်လာတယ်။ ရောက်လာပြီး စားကြသောက်ကြနဲ့ အချိန်တော်တော်ကြာတဲ့အထိ ကိုငှက်ကလည်း ဘာစကားမှမပြောဘူး။ ဟိုဂီတပညာရှင်ကလည်း ဘာမှမပြော ဘူး။ ကျွန်တော်လည်း သူတို့နှစ်ယောက်ကို ကြည့်နေတယ်။ စားသောက်လို့ ပြီးခါနီးအချိန်ကြမှ မလေးဂီတ ပညာရှင်က စပြောတယ်။ “မင်းပေးလိုက်တဲ့ ပုလွေသံဟာ တကယ်ရှိတဲ့ အသံလားတဲ့”။ ကိုငှက်က တစ်ခွန်းပဲ ပြန်ပြောတယ်။ “ဟုတ်တယ်”။ အဲဒီကြမှ ကိုငှက်က ကျွန်တော်နဲ့ မိတ်ဆက်ပေးမယ်။ ပြီးတော့ မလေးဂီတပညာရှင်က ဆက်မေးတယ်၊ “မင်းဒီအသံကို ဘယ်ကရတာလဲတဲ့”။ ကိုငှက်က “ငါဒီအသံကို ပုဂံက ရတာတဲ့”။ မလေးဂီတပညာရှင်က မယုံသလိုအကြည့်နဲ့ “မင်းကျိန်းသေတယ်နော်”၊ ကိုငှက်က “အေး-ကျိန်း သေတယ်”။ အဲဒီမှာဆက်ပြီး မလေးဂီတပညာရှင်က “မင်းအဲဒီပုဂံကို ငါ့ကို လိုက်ပို့လို့ရမလား”။ ကိုငှက်က “ငါလိုက်မပို့နိုင်ဘူး။ မင်းဘာသာသွားပြီး အဲဒီအသံကိုရှာလာခဲ့”။ “မင်းတကယ်ကြားချင်တယ်ဆိုရင် တွေ့ကိုတွေ့မှာပါ”၊ “ဒါပေမဲ့ တစ်ရက်၊ နှစ်ရက်နဲ့တော့မရဘူး။ တစ်ပတ်ဆယ်ရက်နေမှ မင်းရနိုင်မယ်”။ တကယ်ပါ ကိုငှက် အဲဒီအတိုင်းကို ပြောတာပါ။ ကျွန်တော်တောင် ကိုငှက်ကို ဘယ်လိုနားလည်ရမှန်း မသိတော့ဘူး။ ကိုယ့်ဆီလာတဲ့ ဧည့်သည်ကိုတော့ လိုက်ပို့ရမှာပေါ့။ ဒီလိုနဲ့ပဲ မေ့မေ့ပျောက်ပျောက်နဲ့ တစ်နေ့ ကျွန်တော်တို့ Mr. Guiter မှာ ထိုင်နေတုန်း ကိုငှက်က ဟိုမလေးက ဂီတပညာရှင်ပြန်ရောက်နေပြီတဲ့။ ဒီနေ့ သူနဲ့ချိန်းထားတယ်တဲ့။ သိပ်မကြာပါဘူး။ အဲဒီဂီတပညာရှင်ရောက်လာတယ်။ ရောက်ရောက်ချင်း ကိုငှက်ကို ပြောတယ်။ “ဒီတစ်ည မင်းတို့ကို ငါပြုစုပါရစေ”၊ ကိုငှက်က “အိုကေရတယ်”တဲ့။ ဒါပဲပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့တွေ စားကြသောက်ကြ၊ တီးဝိုင်းကို ကြည့်ကြပေါ့။

အချိန်နည်းနည်းကြာလာတော့မှ အဲဒီမလေးဂီတပညာရှင်က ကိုငှက်ကို အင်မတန်လေးစားတဲ့ မျက်လုံးမျိုးနဲ့ကြည့်ပြီး “ငါမင်းကို အရမ်းကျေးဇူးတင်တယ်”၊ “မင်းဒီကပြီးရင် Recording သွားမှာလား”၊ “ငါလိုက်ခဲ့မယ်”။ ကိုငှက်က ပြန်ပြောတယ် တစ်ခွန်းတည်းပဲ။ “မလိုက်နဲ့” တဲ့ဗျာ။ ကျွန်တော်တောင် တော်တော်အားနာသွားတယ်။ အဲဒါနဲ့ မလေးဂီတပညာရှင်က ဆက်ပြောတယ်။ “ငါမင်းကို နောက်ဆုံး တောင်းဆိုတဲ့အနေနဲ့ ငါ့ကို နောက်ထပ် Traditional အသံတစ်သံလောက် လိုက်ပြပါလား”။ ကိုငှက်က ဘာပြန်ပြောသလဲဆိုတော့ “လုံးဝမပြနိုင်ဘူး”။ “မင်းလိုချင်တာရပြီ မဟုတ်လား”။ “မင်းအတွက် လိုအပ်သေး လို့လား”။ မလေးဂီတ ပညာရှင်က “ဆောရီး၊ ငါတောင်းပန်တယ်”၊ “မင်းငါ့ကို အခုရသွားတဲ့ အသံလေးနဲ့ပဲ ပြန်စေချင်တာမလား”။ ကိုငှက်က “အေးဟုတ်တယ်”။ အဲဒီတစ်ခွန်းပဲ ပြန်ပြောတယ်။ နောက်တစ်နေ့မှာ အဲဒီ မလေးဂီတပညာရှင် ပြန်သွားတယ်။ ကျွန်တော် စဉ်းစားကြည့်တယ်။ ကိုငှက်က သူ့ကို ပုဂံရဲ့ဘယ်နေရာ၊ ဘယ်သူ့ဆီသွားဆိုပြီး နေရာအတိအကျလည်း မပြောလိုက်ဘူး။ ဒီလူ ဘယ်ဘုရားကြို၊ ဘုရားကြားက ဒီအသံကို တွေ့သွားပါလိမ့်ပေါ့။ ကိုငှက်ပြောလိုက်တာ တစ်ခုတော့ ရှိတယ်။ မင်းပုဂံရောက်ရင် ဟိုတယ်မှာတော့ အိပ်မနေနဲ့တဲ့။ ဒါပဲ။ သူနဲ့ အဲဒီပညာရှင်နဲ့ ပြောတဲ့စကားဟာ ဒါအကုန်ပဲ။ ကျွန်တော် ပြောချင်တာက ကျွန်တော်သိသလောက်ဆိုရင် ကိုငှက်ကိုလာတွေ့တဲ့ ပညာရှင်နှစ်ယောက်ရှိတယ်။

တစ်ယောက်က အင်္ဂလန်က ကဗျာဆရာမကြီး ရုဒ်ပက်အယ်၊ နောက်တစ်ယောက်က မလေးကဂီတပညာ ရှင်။ အဲဒီနှစ်ယောက်စလုံးဟာ ကိုငှက်ကို လေးစားပြီး ပြန်သွားကြတာချည်းပဲ။ ကိုငှက်က သူ့ဖန်တီးမှုကို လုံးဝအသေအချာ၊ ဒါဟာ ငါတို့နိုင်ငံကဖြစ်တာ၊ ဖန်တီးတာဆိုတာကို သေသေချာချာ ခိုင်ခိုင်မာမာ ပြောနိုင်ပြနိုင်ခဲ့တယ်။ နောက်တစ်ချက်ပြောချင်တာ အဲဒီမလေးဂီတပညာရှင်ဟာ ပုဂံရဲ့ဘယ်နေရာကနေ ဒီအသံကိုရသွားတယ်ဆိုတာ ကိုငှက်ကသေသည်အထိ ကျွန်တော်တို့ကို ပြောမသွားခဲ့ဘူး။ ဒါကြောင့် အခု ကိုယ်ပိုင်သံစဉ်လို့အော်နေတဲ့သူတွေကို ကိုငှက်လို ခိုင်မာဖို့ ပြောချင်တဲ့အတွက်ရယ်၊ ဒီလဟာ ကိုငှက်ရဲ့ နှစ်နှစ်ပြည့်ဖြစ်တာရယ်ကြောင့် အခုလို ပြောရတာပါ။ ကျွန်တော်ကိုငှက်နဲ့ပတ်သက်ပြီး မဟေသီမှာရေးပြီး၊ ပြောပြီးကတည်းက မပြောဖြစ်တာ တော်တော်ကြာပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ပြောတာ၊ ရေးတာကို ပြန်ဖတ်ရတဲ့ ကိုငှက်ရဲ့အမေဟာ အမြဲတမ်း သူ့သားကို သတိရစွာနဲ့ ၀မ်းနည်းတာကိုလည်း မခံစားနိုင်ပါဘူး။ နောက်တစ်ခုပြောချင်တာက သြဂုတ်လ ၃၀ ရက်နေ့မှာ ကျင်းပမယ့် မန္တလေး အဖြူရောင် သက်တံကဗျာရွတ်ပွဲမှာ ကိုငှက်ရဲ့ကဗျာတစ်ပုဒ်ကို တစ်ယောက်သောသူက ရွတ်ဖတ်မှာပါ။ ပြီးတော့ သြဂုတ်လဟာ ကိုငှက်ရဲ့ နှစ်နှစ်ပြည့်လဆိုတော့ အဲဒီကဗျာရွတ်ပွဲမှာ ကိုငှက်အတွက် အမှတ်တရအစီအစဉ် လေးလုပ်ဖို့ ရှိပါတယ်” ဟု ပြောခဲ့ပါတယ်။

သတိုးလွင်
Popular Journal /vol10_no33/



Read More...

22.5.08

a journalist and a general in red light district


အနီရောင်ရပ်ကွက်ရောက် သတင်းထောက်တစ်ဦး၊ ဗိုလ်ချုပ်တစ်ဦး
ရန်လိုကျွဲ
ဖေဖော်ဝါရီ ၁၃၊ ၂ဝဝ၈
ဖေဖော်ဝါရီလ ဘန်ကောက်မြို့တော်ကြီးက အလွန့်အလွန်ပူပြင်းလှသည်။ မြို့တော်ကြီး တစ်နေရာတွင် နိုင်ငံတော်အကြီးအကဲတစ်ဦးနှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရသည်။ သူ(နှင့် ကျွန်ုပ်)၏ ဂုဏ်သိက္ခာကို အထိအခိုက်မခံလိုသဖြင့် တွေ့ဆုံသည့်နေရာအတိအကျ ဖော်ပြမှုမပြုနိုင်သည်ကို နားလည်ပေးကြပါကုန်။ သို့သော် - သူ၏အမည်ကိုမူ ထုတ်ဖော်ပြောဆိုနိုင်ပါသည်။


သတင်းထောက်ရူးကျွန်ုပ်နှင့် အမှတ်တမဲ့တွေ့ဆုံခဲ့သူမှာ ဗိုလ်မှူးချုပ်ကျော်ဆန်း ဖြစ်တော့သည်။ ဟုတ်သည်။ နိုင်ငံတော်၏ ပြောရဲဆိုရဲရှိသူ ဝန်ကြီးကျော်ဆန်း ဧကန်ဖြစ်ပေသည်။ ဘန်ကောက်မြို့ ဆူဆူပွက်ပွက်ရပ်ကွက်တစ်ကွက်၏ အဆောက်အဦးကြီးတစ်ခု၊ ညီအစ်ကို မသိတသိ မီးရောင်အောက်တွင် ဖြစ်သော်ငြားလည်း ဝန်ကြီးကို မြင်မြင်ချင်း မှတ်မိသိရှိပါ၏။ ဝန်ကြီး၏ မျက်မှန်တဝင်းဝင်း၊ ဟန်တတင်းတင်း အသွင်ကို ရုပ်ထင်သံထွက် ဖန်သားပြင်၊ အင်တာနက်၊ သတင်းစာ ဂျာနယ် အသွယ်သွယ်မှတဆင့် တွေ့ဖူးမြင်ဖူးထားသဖြင့် မှတ်မိခြင်းပင်။
ကျွန်ုပ်တို့ စကားပြောဖြစ်ကြလေသည်။

ငါက မင်းကို မြန်မာပြည်သားမှန်း ချက်ချင်းသိတယ်။
- လူကဲခတ်ပညာလေး မျှပါဦးဗျာ။
မျက်လုံးတွေက ဂဏှာမငြိမ်ဘူး၊ ဟိုကြည့် ဒီကြည့်နဲ့။
- အဲသလိုကြည့်တာ သတင်းသမားတွေ၊ ထောက်လှမ်းရေးတွေရဲ့အလုပ်မဟုတ်လားဗျာ။
ဟုတ်တယ်၊ ဒါပေမဲ့ မဟုတ်ဘူး။ ပြီးတော့ မင်းဝတ်စားထားတာလည်း သက်တောင့်သက်သာ မရှိဘူး။ အတင်းအကြပ်ကြီး သပ်သပ်ယပ်ယပ် လုပ်ထားမှန်း သိသာတယ်။ ဘာပဲပြောပြောကွာ၊ မင်းကို တွေ့ရတာ ဝမ်းသာပါတယ်။ ဘာလဲ၊ ငါဝမ်းသာတယ်ဆိုတာ မယုံဘူးလား။
- မယုံပါဘူးဗျာ၊ မီဒီယာကို တိုက်မယ်ခိုက်မယ်ပြောထားတော့ ဘယ်လိုယုံရမှာလဲ။
ဒါကတော့ကွာ မူအရ ဟိန်းဟောက်ရတာပေါ့။ မင်းတို့မီဒီယာသမားတွေကိုလည်း ငါတို့က ကျေးဇူးတင်ရမယ့်အပိုင်းတွေ ရှိပါတယ်။ ဥပမာကွာ၊ လုပ်အားပေးကိစ္စ။
- ကျနော်တို့က အဲဒီလုပ်အားပေးကိစ္စ အဆက်မပြတ် အော်နေတာပဲ။ ဘာကြောင့် ကျေးဇူးတင်ချင်ရတာလဲ။ ILO ကိုတောင် တိုင်နေကြတာမဟုတ်ဘူးလား။
အေး- အဲဒီ တိုင်တဲ့ကိစ္စပေါ့ကွာ။ "အဓမ္မလုပ်အားပေး၊ အဓမ္မလုပ်အားပေး၊ တိုင်လို့ရတယ်၊ တိုင်လို့ရတယ်" ဆိုပြီး အော်နေပေမဲ့ လူတွေက မင့်ဘကြီး ILOကို တိုင်တာမဟုတ်ဘူး ကွ။
- လူတွေက ကြောက်တာကိုးဗျ။
ခက်တာပဲ၊ အခုခေတ် လူတွေက သိပ်မကြောက်တော့ဘူးကွ၊ ဇဝေဇဝါ ဖြစ်နေကြတာ။ မင်းတို့က "အဓမ္မလုပ်အားပေး၊ အဓမ္မလုပ်အားပေး" အော်နေတော့ သူတို့မျက်စိထဲမှာ သေနတ်နဲ့ချိန် ဓားနဲ့မိုးထားပြီး လုပ်ခိုင်းတဲ့ဟာတွေကိုပဲ မြင်နေကြတာ။ ဟားဟားဟား။
- Forced labour ကို အဓမ္မလုပ်အားပေးလို့ ဘာသာမပြန်ရင် ဘယ်လိုပြန်ရမလဲ။
ဒါကတော့ မင်းတို့ပြဿနာလေ။ စကားလုံးတိုင်းကို အတိအကျ ဘာသာပြန်စရာမလိုဘူးကွ။ သတင်းသမားဆိုတာ လူတွေနေ့တိုင်းပြောတဲ့စကားအတိုင်း ဆီလျော်အောင် မြန်မာမှုပြုရတယ်။ ဘာပဲပြောပြော မင်းတို့ကို ကျေးဇူးတင်ပါတယ်။
- မြန်မာတိုင်းမ်စ် မှာလည်း လုပ်အားပေးအကြောင်း ဖတ်နေရတာပဲ။
ဖတ်ရမှာပေါ့၊ အဲဒါတွေထည့်ဖို့ မြန်မာတိုင်းမ်စ်ကို ငါတို့ပဲ ခိုင်းထားတာ။
- လုပ်အားပေးလို့ အများသူငါနားလည်အောင် ရှင်းရှင်း ရေးလိုက်ရင် ဦးတို့က ဆင်ဆာဖြတ်မယ်ပေါ့။
ဖြတ်ရုံတင်မဟုတ် စာစောင်တောင် ပိတ်လိုက်ဦးမှာ။ ဘယ်လိုလဲ မင်းရော ဒီမှာ နေထိုင်ရတာ အဆင်ပြေရဲ့လား။ အကူအညီလိုရင်လည်း မြန်မာသံရုံးရှိနေတာပဲ၊ အချိန်မရွေး ဆက်သွယ်ပေါ့ကွာ။
- မြန်မာသံရုံးကြောင့် ခက်နေတာပေါ့ဗျာ၊ ကျနော့်ပတ်စ်ပို့ကို သက်တမ်းမတိုးပေးဘူး တဲ့။
မင်းက နိုင်ငံတော်ကိုအကြည်အညိုမဲ့အောင် ဘာတွေလျှောက်ရေးထားမှန်းမှ မသိတာ။ သူတို့ ဘယ်လုပ်ပေးပါ့မလဲ။ ဒါနဲ့ ကဗျာဆရာစောဝေအကြောင်း မင်းသိပြီးရောပေါ့။
- ဟုတ်ကဲ့။
အေး၊ ငါတို့ သူ့ကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါတယ်ကွာ၊ ငါတို့သိချင်တာက သူ့နောက်မှာ ဘယ်သူတွေက ကြိုးကိုင်နေသလဲ၊ ဘယ်နိုင်ငံတွေက ပါဝင်ပတ်သက်နေသလဲ ဆိုတာပဲ။
- သူ့ကဗျာထဲမှာ သဲလွန်စ ပါနေတယ်လေ၊ ကျနော်သိသလောက်တော့။
ဟာ ဟုတ်လား၊ လုပ်ပါဦး။ မင်းပတ်စ်ပို့ သက်တမ်းတိုးဖို့ဆိုတာ မခက်ပါဘူး၊ နားလည်မှုလွဲနေလို့ ဖြစ်မှာပါ၊ ဒီတစ်ခါ သံရုံးသွားရင် "ကင်းဝန်မင်းကြီးရဲ့ကွမ်းအစ်" လို့သာ ပြောလိုက်။ အဲဒါ စကားဝှက်ပဲ။ သူတို့ မင်းကို ဘာမှ မမေးရဲတော့ဘူး၊ မင်းလိုချင်တာ ချက်ချင်းလုပ်ပေးလိမ့်မယ်။ စကားဝှက်ကိုလည်း ဘယ်သူ့ကိုမှ လက်ဆင့်မကမ်းနဲ့ဦး။ ဒါထက် စောစောက ပြောတဲ့ သဲလွန်စ ဆိုတာ ဘာလဲကွ။
- သူ့ကဗျာ ပထမစာကြောင်းမှာ ပါတယ်လေဗျာ။ အာရင်ဘတ်က ပြောတယ်တဲ့။
အေး အဲဒီ အာရင်ဘတ်ဆိုတဲ့ငနဲနဲ့ စောဝေနဲ့ အဆက်အစပ်ရှိလိမ့်မယ်လို့ ငါထင်သားပဲ။ လုပ်စမ်းပါဦး၊ အဲဒီငနဲအကြောင်း။ ဒီကောင် အနောက်နိုင်ငံကမဟုတ်လား။
- ဆိုပါတော့ဗျာ၊ သူက ဂျူးလူမျိုး၊ ပြင်သစ်၊ ရုရှတို့မှာ နေခဲ့ဖူးတယ်။
လုပ်စမ်းပါဦး၊ သူ့နာမည် ဘယ်လိုစာလုံးပေါင်းသလဲ။
- Ehrenberg
အာရင်ဘာ့ဂ်၊ ဟုတ်လား။ သူက ဘာလုပ်သလဲ၊ သံတမန်လား၊ အင်န်ဂျီအိုလုပ်သလား။
- သူက စာအစုံရေးတာပဲ။
ဟ- မင်းက တယ်ဟုတ်ပါလားကွ၊ အင်္ဂလိပ်စာပေတွေဖတ်နိုင်တာကိုး၊ ကောင်းသကွာ။
- မဖတ်နိုင်ပါဘူးဗျာ၊ မြသန်းတင့်က သူ့စာတွေ ဘာသာပြန်ထားလို့ ကျနော်တို့ ဖတ်ရတာပါ။
မြသန်းတင့်က ဘာသာပြန်တယ်၊ ဟုတ်လား၊ ဒီနာမည် ကြားဖူးသလိုပဲ။ မြသန်းတင့်၊ ဒေါ်မြသန်းတင့်- ဘယ်မှာနေလဲ၊ ဘာတွေ ရေးလဲ၊ ဘယ်တုန်းက ဘယ်ဂျာနယ်မှာရေးတာလဲ၊ ဘယ်အရွယ်ရှိပြီလဲ၊ အိမ်ထောင်သည်လား၊ ဒီမိန်းမအကြောင်း မင်း ဘယ်လောက်သိသလဲ။
- မြသန်းတင့်က အမျိုးသားပါဗျာ။
သြော်- ဟုတ်လား၊ အေးကွာ ဒီလောက်သိရရင် အလုပ်ဖြစ်ပါပြီ။ နာမည်တွေ ပေးတဲ့အတွက် ကျေးဇူးပါပဲကွာ။ အာရင်ဘာ့ဂ်ကိုတော့ ပြည်ဝင်ခွင့် ပိတ်ရမယ်။ မြသန်းတင့်ကိုတော့ ဒီညတွင်းချင်းဖမ်းဖို့ ငါလှမ်းပြောလိုက်မယ်။
- ဒီနာမည်တွေ ကျနော့်ဆီကရတယ်လို့ ဘယ်သူမှ မသိပါစေနဲ့ဗျာ။
စိတ်ချပါကွာ။ ကဲ- ငါပြန်မယ်ဟေ့၊ မနက်ဖြန် လေယာဉ်ကွင်းသွားရမယ်၊ လေယာဉ်က ဘန်ကောက်-မန္တလေး။ မန္တလေးကတဆင့် နေပြည်တော်ကိုပြေးရဦးမှာ။ မင်းလည်း ကျန်းမာရေး ဂရုစိုက်ဦး။
- ဟုတ်ကဲ့ပါခင်ဗျ။
ဤသည်တို့မှာ ဗိုလ်ချုပ်ကျော်ဆန်းနှင့်ပြောဆိုချက်များပင်။ အာရင်ဘာ့ဂ် (၁၈၉၁-၁၉၆၇)၊ ဆရာမြသန်းတင့်(၁၉၂၉-၁၉၉၈)တို့အနေဖြင့် ပတ်စ်ပို့သက်တမ်းတိုးရန် အရေးတကြီးလိုအပ်နေသော ကျွန်ုပ်အား ခွင့်လွတ်ကြမည်ဟု ယူဆပါသည်။ ပြည်ပတွင် အနှီပတ်စပို့ရှင်သန်ရေးက အဟုတ်တကယ် အရေးကြီးသည်။ မနက်ဖြန် မြန်မာသံရုံးသို့ သွားရဦးမည်။
အနီရောင်ရပ်ကွက်မှအပြန်လမ်းတွင် "ကင်းဝန်မင်းကြီးရဲ့ကွမ်းအစ်" ဟူသော တန်ခိုးကြီးဟန် တူသည့် စကားဝှက်အား တဖွဖွ ရေရွတ်နေမိသည်။
( မူရင်း - မိုးမခ )

Read More...

25.1.08

article in mizzima


စောဝေ နှင့် ကျနော်
ဆိုင်းမေကူး


Friday, 25 January 2008 17:21

www.mizzimaburmese.com/content/view/503/1/




(၁) ကျနော်နှင့်စောဝေသည် သူငယ်ချင်းမဟုတ်ပါ၊၊ မိတ်ဆွေလည်းမဟုတ်ပါ။ ခေတ်ပြိုင် အနုပညာသမားလည်း မဟုတ်ပါ။ ဒါနဲ့များ ကြီးကြီးကျယ်ကျယ် ကျနော်နှင့် စောဝေဆိုပြီး စာရေးရ ကောင်းမည်လားဟု အပြစ်မတင်စေချင်ပါ။ ကျနော် ကိုစောဝေနှင့် နာရီဝက်ခန့် အတူ ရှိခဲ့ဖူးသည်၊၊ ငါးမိနစ်ခန့်လည်း စကား ပြောဖူးပါသည်၊၊ သူရေးသော ကဗျာ (၁ဝ) ပုဒ်ခန့်လည်း ဖတ်ဖူးပါသည်။ ထူးအိမ်သင် အမှတ်တရ ဆောင်းပါးများကို ရေးပြန်တော့လည်း စောင့်ဖတ်ခဲ့ဖူးပါသည်။ သူ့စာများကို သူနှင့်တွေ့ဖူးပြီး နောက်ပိုင်းမှ သတိထား ဖတ်ခဲ့ခြင်း ဖြစ်သည်။

တကယ်တမ်းမှာတော့ လူပုဂ္ဂိုလ်ချင်းမသိခင်၊ မမြင်ခင်ကတည်းကပင် သူ၏ဖန်တီးမူများက လွှမ်းမိုးခဲ့ကြောင်း နောက်မှ သိခွင့်ရခဲ့သည်၊၊ သူ၏ စာပေ အနုပညာများနှင့် စခဲ့ခြင်းတော့ မဟုတ်ခဲ့ပါ။ ကျနော် အလွန်ကြိုက်သော ပဲပုပ်ချက် အပါအဝင် ခရမ်းချဉ်သီးထောင်း၊ ပဲငပိ အစရှိသော အရံဟင်း (၁ဝ) မျိုးခန့် အလကားရသော မြန်မာ ထမင်းဆိုင်နှင့် စရပေလိမ့်မည်။

သူငယ်ချင်းတယောက်က အလွန် စားကောင်းသော မြန်မာထမင်းဆိုင် ခေါ်သွားမည်။ ကျနော် မကြိုက်ပါက ကျသင့်ငွေကို သူရှင်းမည်ဟု အာမခံဖြင့် ခေါ်သွားခြင်း ဖြစ်သည်။ မခန်းမနားနှင့် သပ်သပ်ရပ်ရပ် ရှိပါသည်။ ဆိုင်အဝင်ဝတွင် ရေးထားသော စာသားအား ကြည့်၍ ပြုံးစိစိ ဖြစ်သွားခဲ့မိသည်။ “မြန်မာငပိထောင်း ကမ္ဘာကို လွှမ်းစေရမည်” တဲ့။ ဗိုလ်ခင်ညွန့်၏ အားကစားတော့ “ပလုံ” သွားခဲ့ပြီ၊ ငပိထောင်းတော့ မည်သို့ ရှိသည် မသိရပါ။ ဆိုင်ထဲ ရောက်သွားသောအခါ မျက်နှာစာ တည့်တည့်တွင် ဗိုလ်ချုပ် ဓါးစလွယ်ခုတ် နေသည့်ပုံကို ပုံကြီးချဲ့၍ စမတ်ကျကျ ချိတ်ဆွဲထားသည်။ ဘေးနံရံ တဖက်တချက်စီတွင်လည်း contemporary art အမျိုးအစား ဖြစ်ပုံရသော ပန်းချီကား နှစ်ချပ်ကို ချိတ်ဆွဲထားသည်။ ချိတ်ဆွဲထားပုံက သာမာန် အလှဆင်ထားခြင်းမျိုး မဟုတ်ပဲ ခမ်းခမ်းနားနား ချိတ်ဆွဲထားခြင်း ဖြစ်သည်။ ထိုစဉ်ကတည်းက ဤဆိုင်ပိုင်ရှင်သည် အနုပညာကို ထဲထဲဝင်ဝင် စိတ်ဝင်စားသူ ဖြစ်ကြောင်း ကိုယ့်ဘာသာ မှတ်ချက်ချခဲ့သည်။ အလွန်မြိန်ခဲ့ကြပါသည်၊၊ ပိုက်ဆံပေးစားရသော ဟင်းများထက် အလကားရသော အရံဟင်းများက ပို၍ ကောင်းနေခဲ့သောအခါ လောကကြီးအား ဆင်ခြင်စရာလိုလို ရီစရာလိုလို ပြောကြရင်းနှင့် ကျနော် ကိုယ်တိုင် ကျေကျေနပ်နပ် ငွေရှင်းပေးပြီး ဖြစ်နေခဲ့သည်။ အပြန်ကြမှ ဆိုင်နာမည်အား သတိထားဖတ်မိသည်။ “အဓိပတိ” တဲ့။

လူပျိုလူလွတ်လည်းဖြစ်၊ မိသားစုနှင့်လည်းဝေး၊ ဖျင်းကလည်းဖျင်းသဖြင့် ရန်ကုန်သည် ကျနော့်အတွက် အမြဲတမ်းလိုလို အစားအသောက် အဆင်မပြေ ဖြစ်နေတတ်သည်။ စိတ်လိုလက်ရ ထမင်းဆာလာတိုင်း ဗိုလ်ချုပ်ဓားစလွယ်သိုင်းနေသော ထမင်းဆိုင်ကိုသာ မြင်ယောင်တတ်လာသည်။ အဓိပတိ ထမင်းဆိုင် ဗဟန်းကနေ လှည်းတန်း ရောက်လာလျှင်ကောင်းမှာပဲဟု တွေးမိနေတတ်ခဲ့သည်။

ထမင်းဆိုင်ဋီကာ ချဲ့နေခြင်းမှာ အခြားကြောင့်တော့ မဟုတ်ပါ၊၊ ကျနော် စွဲလမ်းခဲ့သော ပဲပုပ်ချက် နှင့် ဗိုလ်ချုပ်ဓားစလွယ်ခုတ် ထမင်းဆိုင် ပိုင်ရှင်မှာ ကဗျာဆရာစောဝေ ဖြစ်ကြောင်း အယ်ဒီတာ တယောက်နှင့် စကားဆက်စပ်မိရာမှ သိခဲ့ရသောကြောင့် ဖြစ်သည်။ နောက်ဆက်တွဲ အနေနှင့်တော့ သူသည် (ဖြူးဆိုလား၊ ဇေယျဝတီ ဆိုလား) မြို့က ဖြစ်ကြောင်း၊ အထိုက်အလျှောက် ငွေရေးကြေးရေး အဆင်ပြေသူ ဖြစ်ကြောင်း၊ ပစ္စည်းများ တွဲဆက်၍ ပြသသော ပန်းချီ အမျိုးအစားများဖြင့် ပြပွဲ လုပ်ဖူးသူ ဖြစ်ကြောင်း၊ နာမည်ကြီးသူများ ပေါင်း၍ နာမည်ကြီးအောင် လုပ်နေသူဖြစ်ကြောင်း … အစ ရှိသဖြင့် မမေးပဲ ကြားခဲ့ရသေးသည်။

သူနှင့် မိနစ် (၂ဝ) ခန့် အတူ ရှိနေခဲ့ခြင်းဆိုသည်မှာလည်း ချောက်တီးချောက်ချက် ကျနော့် ပန်းချီပြပွဲသို့ လာရောက်ခဲ့စဉ်ခါက ဖြစ်သည်။ ဟန်းဖုန်းခါးချိတ်နှင့် အသက် (၄ဝ) ကျော် ဇာတ်လိုက် မင်းသားများကဲ့သို့ စမတ်ကျသူ တယောက်က “ကျနော် ကဗျာဆရာ စောဝေပါ” ဟု မိတ်ဆက်လာသောအခါ ၊ အနည်းငယ် ဘဝင်မကျ ဖြစ်မိခဲ့ပါသည်။


မြန်မာပြည် နှင့် ကဗျာဆရာ၊
ကဗျာဆရာ နှင့် ဟန်းဖုန်း
ဟန်းဖုန်း နှင့် မြန်မာပြည်
ရုတ်တရက် ဆိုတော့လည်း။ ။

(၂)
ဘယ်အမှန်တရားမှ ပိန်းပိတ်အောင်
မမှောင်စေရဘူး
ကမ္ဘာကြီးရေ...
ငါ့ကိုရရှိထားတာလည်း
နင့်အတွက် သယံဇာတ တခုပါပဲ၊
ကမ္ဘာကြီးနင့်ရဲ့ သယံဇာတတွေကို
စစ်ဆိုတဲ့ ဘီလူးကြီးက
မသဒ္ဓါရေစာ စားသုံး
ကုလသမဂ္ဂက ဆာဂျီယိုဒီမဲလိုးကို လွမ်းတယ်
ကမ္ဘာကြီး
ရောဂါ ဘယနဲ့ ကပ်ဆိုတဲ့ မိစ္ဆာက
အလစ်ဝင်သုတ်
မြန်မာပြည်က ကဗျာဆရာလို့
အမည်ခံမသွားတဲ့
ဆရာ မြသန်းတင့်ကို လွမ်းတယ်
ကမ္ဘာကြီး
ငါကဗျာဆရာ
နင့်သံယံဇာတအဖြစ်ကပျောက်မသွားဖို့
အမေပေးခဲ့တဲ့ အသက်သွေးကို
အားအဖြစ်မွေး
အနုပညာဆိုတဲ့ ဒိုင်းလွှားနဲ့ကာကွယ်
ကဲ လာစမ်း
ဘယ်လိုလက်နက်မျိုးနဲ့မဆို
ရန်သူ ...
ငါကဗျာဆရာကွ
မင်းကို ရေနွေးကြမ်းနဲ့မြည်းပစ်မယ်


စောဝေ


စံပယ်ဖွေးဖွေးနေ့များသို့ ချီတက်ချင်းမှ
မဟေသီ သြဂုတ် ၂ဝဝ၎


သူနှင့်ဆုံပြီးနောက်ပိုင်း သူ့ကဗျာများကို သတိထားပြီး ဖတ်ဖြစ်ခဲ့သည်၊၊ ဘယ်သူတွေ ဘာပြောပြော၊ ကျနော် ဘာမြင်မြင် သူကဗျာများက သူ့တန်ဖိုးကို ဖော်ပြနိုင်ခဲ့ပါသည်။

(၃)
ယခု သူနှင့်နောက်တကြိမ် ပြန်ထိတွေ့ခွင့်ရခဲ့ပြန်ပါပြီ။ ပြည်သူတွေရဲ့ အသံကို သူဖွင့်ပြနိုင်ခဲ့ပြီ။ အာဏာရှင်တွေကို အာခံတဲ့နေရာမှာ ကဗျာဆရာတွေဟာ လက်နက်ကိုင်ထားသူတွေထက် သတ္တိရှိကြောင်း နောက်တကြိမ် ပြသခဲ့ပါပြီ။


အခုချိန်မှာ ခင်ဗျား အထုအထောင်းခံနေရလား၊ စိတ်ဓါတ်တွေပြိုပျက်နေချိန်လား။ ဂုဏ်ယူပါတယ် ကိုစောဝေ။ ကဗျာဆရာ ဆိုတာကိုက လောင်းကျွမ်းပြီးသားပါ။ ဒါပေမယ့်ခင်ဗျားက ထွန်းညှိခဲ့တယ်။ ကိုယ်တိုင် အလောင်ကျွမ်းခံ ထွန်းညှိခဲ့တဲ့ မီးစတစ ဟာ အဖိနှိပ်ခံ လူတန်းစားတွေအတွက် လမ်းဖြစ်လာခဲ့မှာပါ။ တောက်ပမှုနဲ့အတူ စောဝေဟာ ပန်းချီကားတချပ်၊ ကဗျာတပုဒ် ဖြစ်တယ်။ ဘယ်သူတွေ ငြင်းမလဲ။ ။ဆိုင်းမေကူး

Read More...