21.3.11
18.11.08
World Trade Center
ရေဒီယိုလေးထဲ ကျွံကျနေတဲ့ ကဗျာဆရာရဲ့ကြေကွဲမှုငါးကျပ်တန်တရွက်
တယ်လီဖုန်းဆက်ခ ပေးလိုက်တော့
WTC ၀မ်းနည်းမှုတွေ
တ၀ုန်းဝုန်း ပြိုကျလာ၊ အဲဒီအပြိုပုံကြီးထဲက ဆဲလ်ဖုန်း
ကူပါ၊ ကယ်ပါ၊ ဘုရားတသံ၊ နှုတ်ဆက်သံ
ငါ နားကန်းပါရစေ။
ထိတ်လန့်ကြေကွဲ အမြွာလောင်မီးပေါ်က ပ၀ါဖြူလေး ဝှေ့ယမ်းပြ
ဒုက္ခတိုက်ညီနောင် အမြင့်က
ဒုက္ခသုညမြေပြင်ပေါ်ကို ခုန်ဆင်း
ငါ မျက်စိကန်းပါရစေ။
စစ်မရှိစေရ ဂျွန်ရေ - - -
ငြိမ်းချမ်းရေးနှင့် ဂျွန်ရေ - -
ပန်းနံ့မွှေးသော လောကသစ်သို့ ဂျွန်ရေ - -
ငါ့ချစ်သူက ငါ့ကို အကြမ်းမဖက်ပါ
အမုန်းများနဲ့ ဘယ်သူ့ကိုမှ အကြမ်းမဖက်ပါနဲ့။
တန်ဖိုး
မြန်မာ = မေတ္တာအနန္တစကြ၀ဠာ
ကမ္ဘာ = စကြ၀ဠာအနန္တမေတ္တာ။
တရားမဲ့ အကြမ်းဖက်စွမ်းအားမှန်သမျှ
ကမ္ဘာမှာ မရှိစေရ - - - -
ပုံ။ ။
စောဝေ
- - - ၁၀၊ ၂၀၀၁
(မူရင်း - Beauty မဂ္ဂဇင်း၊ ၂၀၀၂ ဇန်န၀ါရီ)
10.7.08
poem from MaHayThi Mag 2001 Aug
ငယ်စဉ်က
ရင်ခွင်မှ ပစ်ခွင်းခဲ့မြားအားလုံး
ဝေဒနာတစ်ခုကြောင့်
ကြီးမှ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ
မြားအားလုံး
နှလုံးသားမှာ စူးဝင်နေခဲ့
ဒါ အချစ်တဲ့လား။
စောဝေ
မဟေသီ ၂၀၀၁ သြဂုတ်
8.7.08
poem for Saya Zawgyi
(၆ ဧပြီ လို့ပဲ ရက်စွဲတပ်ထားတယ်။ မိတ်ဆွေတစ်ယောက်ဆီက ရတယ်။ ဘယ်စာစောင်မှာ ဖော်ပြခဲ့မှန်း မသိရ။ ဆရာဇော်ဂျီရာပြည့်အထိမ်းအမှတ်ကဗျာ။)
ဗေဒါကဝိ နှစ် တစ်ရာ
စောဝေ
လူ့ဘဝကြီး လင်းလက်တောက်ပဖို့
နေတစ်စင်း လတစ်စင်း ရှိခဲ့သလို
မြန်မာကဗျာနဲ့ မြန်မာလူမျိုးးတို့အတွက်
မင်းသုဝဏ်နဲ့ ဇော်ဂျီဟာ
နေ လ နှစ်ပါးပါ။
လူ့ဘဝဆိုတာကို
ရင်ဆိုင်ကျော်ဖြတ် ချီတက်ဖို့
ပျဉ်းမငုတ်တို ဗေဒါပျံနဲ့ အံခဲ
ငါတို့တွေ အမှန်တရားကို
တနေ့ ရောက်ရမယ်
တနေ့ရ ရမယ်
ဗေဒါပျံ စိတ်ပါပဲ ။ ။
5.6.08
ရွာပြန်စဉ် ကြော်ငြာဆိုက်ကားတစ်စီးနဲ့ အရင်ရောက်နေတဲ့ စူပါမင်းသမီးလေး ဖတ်ဖို့
ကျွန်တော်ဟာ
အော်သံ မရှိတော့တဲ့ လော်စပီကာလိုပဲ
နောက်မှာ ဖြုတ်ထားတဲ့ ယူနစ်က
အသည်းနှလုံးလေလား
မြေသြဇာမပါဘဲ စိမ်းလန်းကြည့်ကြပါ
အတောင်ပံတပ်ထားတဲ့ ဆေးရောင်တွေဟာ
နေပြင်းပြင်းထဲ စိုက်စိုက်ကျလာတယ်
ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့ ရေဒီယို
ဓာတ်ခဲကပဲ အားလျော့သလား
လေကပဲ အားလျော့သလား
လူကပဲ အားလျှော့သလား
ကျွန်တော့ရွာ ချောင်းလေးက
သောင်ပြင်မှာ လမ်းပြန်လျှောက်ကြည့်တော့
နံနက်ခင်းကလည်း လျော့လျော့
ရေစီးအားကလည်း လျော့လျော့
ဒါနဲ့
စိတ်တစ်ခုလုံးကို လှည်းကျင်းလိုက်ရတယ်
ကမ္ဘာကြီးတောင် သံသရာနဲ့
တပ်ဆင်ထားခြင်း ခံနေရတာပဲ
ဂျုံးဂျုံး ဂျက်ဂျက် ဖြတ်သွားတဲ့
တံတားကြီး အောက်မှာ
ပဲခင်း၊ င်္ကြပင်၊ ရိုးပြတ်၊ ကိုင်းတော၊ ပုစဉ်းရင်ကွဲများ
မိတ်ကပ်မုန်တိုင်းကြားထဲက
ဓားသန်လျက်မလေးရေ
လွမ်းလိုက်တာ ပုစဉ်းရင်ကွဲကောင်လို
ပုစဉ်းရင်ကွဲကောင်လို တစ်ယောက်တည်း
ရွာမှာ
လွမ်း..လိုက်..တာ။
စောဝေ
(မူရင်း - ညိမ်းညိုဘလော့ဂ် )4.3.08
saw wai poem from Ko Htike blog
ဆိုင်ရုံသာ ဆိုင်ခွင့်ရတဲ့
နေ့နက်နက်တွေထဲ
အော်သံတွေကို
ထွေးပွေ့လို့ လှမ်းလာလိုက်ပုံများ
ဒီကောင့် မျက်နှာ ဝင်းပလို့။
မျှော်လင့်ခြင်း မြစ်တစင်းမှာ
သူ မျောလိုက်လေတဲ့
ပျိုးစာလုံးတွေဟာ
သူ ချစ်တဲ့မြို့ကြီးကို
လှစေနိုင်သလို ဝင်းပလို့။
ရွေ့ရွေ့လာတဲ့
ဒီကောင့်နှုတ်ခမ်းရဲတွေဟာ
ကမ်းပြိုချောင်းလေးထဲမရောင်ခင်
ဆွဲတင်လိုက်ရပေမယ့်လည်း
အံ့သြစရာ
သူ့နှုတ်ခမ်းက ဝင်းပလို့။
ရှင်သန်ခွင့်မရအောင်
ဒီကောင် အားစိုက်ရိုက်ရိုက်ချိုးရ
လောဘရိုင်းရိုင်းတွေလည်း
အနုပညာမှာတော့ ဝင်းပလို့။
မိုးက
ဖေးဖေး မ, မ, လေး
တွဲခေါ်လာပေမယ့်လည်း
လျှပ်ဆိုတာက
ထိုးခွဲလင်းလတ်ဗီဇလို့
ဖွဖွလေးပြော
ဒီကောင်မောသွားမှာ
ဟော့ဒီမြို့ကြီးကို ဝင်းပချင်တဲ့ကောင်
မျောသွားမှာ
(အိမ်မက်နေ့တွေထဲ)
ငါ ... အော်လိုက်ရတာ။
စောဝေ
http://www.ko-htike.blogspot.com/ကနေ ယူတယ်။
15.2.08
a small book of poems celebrating Saw Wai’s special valentine
စောဝေကိုဂုဏ်ပြုတဲ့ ကဗျာစာအုပ်တစ်အုပ် ထွက်လာပါပြီ။
အင်္ဂလိပ်လို ရေးထားပါတယ်။
ကိုစောဝေရေးဖွဲ့ခဲ့သလိုပဲ ကဗျာဆရာ ၁၂ ယောက်က အာဏာရူးဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆိုတဲ့ ၀ါကျကို ကဗျာတွေထဲမှာ ၀ှက်ပြီး ဖွဲ့ဆိုထားပါတယ်။
စာမျက်နှာ ၂၀ ပါတဲ့ ကဗျာစာအုပ်ကို ဟောဒီမှာ ဒေါင်းလုတ် လုပ်ပါ။
An American poet named A. J. Patrick Liszkiewicz heard this news and has put together with twelve contributors a small book of poems celebrating Saw Wai’s special valentine. The book is available here (PDF) and is of course called “Power Crazy Senior General Than Shwe.” All of the poems in it play with those words, some mimicking in English Wai’s first-word strategy, others doing more cryptic exercises, working the phrase in forward and backward and at angles. You could waste hours at the office or on the train or in bumper-to-bumper unraveling these gems.
12.2.08
one more poem in SawWai's style
poem in SawWai's style
အောက်မှာဖတ်ရမယ့် ကဗျာနဲ့ မှတ်ချက်ကို A,Ngwei ဘလော့ဂ် ကနေ ယူတယ်။ အငွေ့ တဲ့။ ကလောင်နာမည်က။ အငွေ့ ရေးတဲ့ကဗျာ။ စောဝေကဗျာမဟုတ်။ သို့ပေမဲ့ ဖတ်ကြည့်ပါဦး၊ ဇန်န၀ါရီ ၂၄၊ ၂၀၀၈ ရက်စွဲနဲ့ တင်ထားတာ။
စိတ်ရဲ့ တံခါးမှာ ဆေးရောင်အဖြူသုတ်ထားပါ။
မိတ်ဆွေ ခင်ပွန်းမရှိတဲ့ သစ်ပင်
စာ စာဝေ ပွင့်လန်းနိုင်မည်တဲ့လား
သန်းကြွယ် သူဌေးတစ်ယောက်ရဲ့
ရွှေရောင်အိပ်မက်….
လူတစ်ရောက်ရဲ့ စိတ်ကြောင့်ပင် အဆုံးသတ်သွားစေနိုင်ရဲ့
သတ်ပုံ တွေကို ကိုယ့်သမိုင်းမှာ မှားမှားရေးကြရင်..
သမာသမတ် ရှိနိုင်ပါ့မလား။
မားမားမတ်မတ် ရပ်တည်ခဲ့ပေမဲ့
င ပေါ တစ်ယောက်လို့ အပြောခံရသေးတာပဲ..။
ရဲရဲတောက်နေတဲ့ အတွင်းစိတ်မီး
ပြည်လုံးချမ်းသာပါစေ လို့ ဆုမတောင်းခဲ့ဘူး ..ငါ မှ ငါ..
သို့သော်လည်း… ငါတို့
သွားတွေဟာ ဖြူဖြူစင်စင် အစာကို ၀ါးစားဖို့ဘယ်တော့မှ စိတ်မကူးဘူး။
မနေ့တနေ့က အဖမ်းခံလိုက်ရတဲ့ ကဗျာဆရာ စောဝေရဲ့ အပြောင်မြောက်ဆုံးရေး ဟန်နဲ့ ရေးသားထားပါတယ်။မိတ်ဆွေများ အဓိပ္ပယ်ပေါက်ကြမယ်လို့လည်းထင် ပါတယ်။
saw wai's poem from Dr.Lun's blog
27.1.08
irrawaddy by saw wai
ဧရာဝတီ
စောဝေ
အိုင်တီခေတ်ရဲ့ပင်လယ်ဝက
တိုင်းပြည်တပြည်ကိုဆန်ပြီး
နှလုံးသားထဲထိ ကြည့်မြင်ခံစားချင်တယ်ဆိုရင်
လူယဉ်ကျေးတို့မွေးဖွားရာမြေ
ဧရာဝတီ …..။
ဂလိုဘယ်လိုက်ဇေးရှင်းထဲကို
စီးဝင်နေတဲ့
သန့်စင်မြစ်
ဧရာဝတီ …..။
သဘာဝရတနာသိုက်ရဲ့နို့ရည်
မြေရဲ့မေတ္တာကို အပြနိုင်ဆုံးစီးဆင်းမှု
သတ္တမြန်မာကိုအလုပ်အကျွေးဆုံးမြစ်
ဧရာဝတီ …..။
ရေအလျဉ်ထဲမှာတော့
အခမ်းနားဆုံးနဲ့ပေါကြွယ်ဝဆုံး
သမိုင်းများအစရဲ့ထိပ်ဆုံး
ကုံလုံကြွယ်ဝမှုတွေ လျှပ်လျှပ်ပြေးနေတဲ့
ဧရာဝတီ …..။
သူ့ကိုမေးတင်လာသမျှ
မြို့ရွာအိုးအိမ်အသက်တွေကို
သူ့သွေးတွေ မြစ်ရေတင် ဖြည့်ပေးမယ်
လူ့ဝမ်းစာတွေအတွက်
ကူဖော်လောင်ဖက်လင်းပိုင်တွေကို
ထွေးပိုက်ထားပေးမယ်
သူကလူလိုပါပဲ
တခါတရံ
ခက်ထန်တိုက်စားမယ်
ပျက်သုဉ်းရတာတွေရှိမယ်
ဒါပေမယ့် သောင်အဖြစ်နဲ့
မြို့မငြိမ်း ထွန်းခဲ့တယ်
ခင်ဝမ်း ထွန်းခဲ့တယ်
အဉ္ဇလီ မောင်မောင် ထွန်းခဲ့တယ်
ထူးအိမ်သင် ထွန်းခဲ့တယ်
........ အသံအဖြစ် ထွန်းခဲ့တယ်
........ စာအဖြစ် ထွန်းခဲ့တယ်
........ အနုပညာအဖြစ်ထွန်းခဲ့တယ်
....... သူရဲကောင်းတွေအဖြစ် ထွန်းခဲ့တယ်
....... အာဇာနည်တွေထွန်းခဲ့တယ်
တို့မြေရဲ့ ကြက်သီးထဖွယ်
မျိုးချစ်စိတ်ကိုတွေ့ချင်ရင်
ဧရာဝတီကို ငုံ့ကြည့်လိုက်ပါ
ထာဝရလက်လက်ထနေမြဲ
ဘယ်လောက်လှနေလဲဆို
တိုင်းပြည်တပြည်ရဲ့ရာဇ၀င်ကို
လက်ထပ်ပေါင်းဖော်ရမယ့် သတို့သမီး
သူ့ဝမ်းမှာ
သူရဲကောင်း မဟာသူရဲကောင်းတွေကို
အမြဲလွယ်ထား အမြဲမွေးဖွားစေခဲ့
ဧရာဝတီ …..။
မြန်မာ့မြေပေါ်မှာ
ဒီအမြဲမြစ်မရှိရင်
ဒီလောက်လှပါ့မလား
ဧရာဝတီ …..။
သူ့မျက်နှာထက်
ဖြတ်သွားဖြတ်လာ
ဗိုလ်မြတ်ထွန်း
န၀ဒေး
မကွေး
အင်းဝ
ရတနာပုံ
ဗလမင်းထင်
တံတားကြီးခြောက်စင်း
အပြုံးမပျက် သယ်ပိုးထား
ဧရာဝတီ …..။
နေလစကြာဝဠာကြီးကို
အမြဲအပြုံးမြမြ နဲ့
တို့မြေကိုလှပစေခဲ့
ဧရာဝတီ …..။
သူ့ခေါင်းထက်က
ဆံနွယ်ပိုးသားလို
မေခ မလိခ ချင်းတွင်း
အပျိုစင်သတို့သမီးကို
ယင်ဖိုမသန်းရအောင်
လိုက်လံစောင့်ရှောက်နေတဲ့
စစ်တောင်းနဲ့သံလွင်မောင်ငယ်နှစ်စင်း
အိုင်တီသမိုင်းသစ်ရဲ့ထာဝရအပျိုစင်
ဧရာဝတီ …..။
တိုင်းပြည် တပြည်ရဲ့ မရှိမဖြစ်မြစ်
သမိုင်းဟောင်းတို့ထုပ်သိမ်းရာ
သမိုင်းသစ်တို့ချီတက်ရာ
မဟာရာဇ၀င်များရဲ့မိခင်သတို့သမီး
မရှိမဖြစ်မြစ် ဧရာဝတီ …..။
ဒီဧရာဝတီ စီးဆင်းတဲ့မြေမှာ
ငါတို့လည်း
မရှိမဖြစ် ဖြစ်ရမယ်
သိပ္ပံခေတ်ရဲ့ စီးဆင်းခြင်းမှာ
မီရာဉာဏ် မီရာလက်နဲ့
မရှိမဖြစ်ခေတ်ကိုဖြတ်သန်းမယ်
တနေ့
ဧရာဝတီလို ခိုင်မာရမယ်
ဧရာဝတီက အိုင်တီ ကိုအောင်ရမယ်
we must win
အားလုံး ဧရာဝတီ
ဧရာဝတီဆိုတာ တို့အားလုံးပဲ
ဧရာဝတီ …..။ ။
(၂၀၀၇ ဒီဇင်ဘာ ၁၅ မှ ၂၅ အတွင်း ရေးသားသည်)
စာပေစိစစ်ရေးက စာပိုဒ် ၄ ပိုဒ် ဖြုတ်ခဲ့သည့် နွယ်နီမဂ္ဂဇင်းတွင် ဖော်ပြခံရသော ကဗျာဆရာ စောဝေ၏ ဧရာဝတီ ကဗျာ ဖြစ်သည်။
ဒီကဗျာကို www.irrawaddy.org/bur မှာ တင်ထားတယ်။ အိုးဝေစင်္ကာပူမှာလည်း တင်ထားတယ်။
25.1.08
article in mizzima
စောဝေ နှင့် ကျနော်
ဆိုင်းမေကူး
Friday, 25 January 2008 17:21
www.mizzimaburmese.com/content/view/503/1/
(၁) ကျနော်နှင့်စောဝေသည် သူငယ်ချင်းမဟုတ်ပါ၊၊ မိတ်ဆွေလည်းမဟုတ်ပါ။ ခေတ်ပြိုင် အနုပညာသမားလည်း မဟုတ်ပါ။ ဒါနဲ့များ ကြီးကြီးကျယ်ကျယ် ကျနော်နှင့် စောဝေဆိုပြီး စာရေးရ ကောင်းမည်လားဟု အပြစ်မတင်စေချင်ပါ။ ကျနော် ကိုစောဝေနှင့် နာရီဝက်ခန့် အတူ ရှိခဲ့ဖူးသည်၊၊ ငါးမိနစ်ခန့်လည်း စကား ပြောဖူးပါသည်၊၊ သူရေးသော ကဗျာ (၁ဝ) ပုဒ်ခန့်လည်း ဖတ်ဖူးပါသည်။ ထူးအိမ်သင် အမှတ်တရ ဆောင်းပါးများကို ရေးပြန်တော့လည်း စောင့်ဖတ်ခဲ့ဖူးပါသည်။ သူ့စာများကို သူနှင့်တွေ့ဖူးပြီး နောက်ပိုင်းမှ သတိထား ဖတ်ခဲ့ခြင်း ဖြစ်သည်။
တကယ်တမ်းမှာတော့ လူပုဂ္ဂိုလ်ချင်းမသိခင်၊ မမြင်ခင်ကတည်းကပင် သူ၏ဖန်တီးမူများက လွှမ်းမိုးခဲ့ကြောင်း နောက်မှ သိခွင့်ရခဲ့သည်၊၊ သူ၏ စာပေ အနုပညာများနှင့် စခဲ့ခြင်းတော့ မဟုတ်ခဲ့ပါ။ ကျနော် အလွန်ကြိုက်သော ပဲပုပ်ချက် အပါအဝင် ခရမ်းချဉ်သီးထောင်း၊ ပဲငပိ အစရှိသော အရံဟင်း (၁ဝ) မျိုးခန့် အလကားရသော မြန်မာ ထမင်းဆိုင်နှင့် စရပေလိမ့်မည်။
သူငယ်ချင်းတယောက်က အလွန် စားကောင်းသော မြန်မာထမင်းဆိုင် ခေါ်သွားမည်။ ကျနော် မကြိုက်ပါက ကျသင့်ငွေကို သူရှင်းမည်ဟု အာမခံဖြင့် ခေါ်သွားခြင်း ဖြစ်သည်။ မခန်းမနားနှင့် သပ်သပ်ရပ်ရပ် ရှိပါသည်။ ဆိုင်အဝင်ဝတွင် ရေးထားသော စာသားအား ကြည့်၍ ပြုံးစိစိ ဖြစ်သွားခဲ့မိသည်။ “မြန်မာငပိထောင်း ကမ္ဘာကို လွှမ်းစေရမည်” တဲ့။ ဗိုလ်ခင်ညွန့်၏ အားကစားတော့ “ပလုံ” သွားခဲ့ပြီ၊ ငပိထောင်းတော့ မည်သို့ ရှိသည် မသိရပါ။ ဆိုင်ထဲ ရောက်သွားသောအခါ မျက်နှာစာ တည့်တည့်တွင် ဗိုလ်ချုပ် ဓါးစလွယ်ခုတ် နေသည့်ပုံကို ပုံကြီးချဲ့၍ စမတ်ကျကျ ချိတ်ဆွဲထားသည်။ ဘေးနံရံ တဖက်တချက်စီတွင်လည်း contemporary art အမျိုးအစား ဖြစ်ပုံရသော ပန်းချီကား နှစ်ချပ်ကို ချိတ်ဆွဲထားသည်။ ချိတ်ဆွဲထားပုံက သာမာန် အလှဆင်ထားခြင်းမျိုး မဟုတ်ပဲ ခမ်းခမ်းနားနား ချိတ်ဆွဲထားခြင်း ဖြစ်သည်။ ထိုစဉ်ကတည်းက ဤဆိုင်ပိုင်ရှင်သည် အနုပညာကို ထဲထဲဝင်ဝင် စိတ်ဝင်စားသူ ဖြစ်ကြောင်း ကိုယ့်ဘာသာ မှတ်ချက်ချခဲ့သည်။ အလွန်မြိန်ခဲ့ကြပါသည်၊၊ ပိုက်ဆံပေးစားရသော ဟင်းများထက် အလကားရသော အရံဟင်းများက ပို၍ ကောင်းနေခဲ့သောအခါ လောကကြီးအား ဆင်ခြင်စရာလိုလို ရီစရာလိုလို ပြောကြရင်းနှင့် ကျနော် ကိုယ်တိုင် ကျေကျေနပ်နပ် ငွေရှင်းပေးပြီး ဖြစ်နေခဲ့သည်။ အပြန်ကြမှ ဆိုင်နာမည်အား သတိထားဖတ်မိသည်။ “အဓိပတိ” တဲ့။
လူပျိုလူလွတ်လည်းဖြစ်၊ မိသားစုနှင့်လည်းဝေး၊ ဖျင်းကလည်းဖျင်းသဖြင့် ရန်ကုန်သည် ကျနော့်အတွက် အမြဲတမ်းလိုလို အစားအသောက် အဆင်မပြေ ဖြစ်နေတတ်သည်။ စိတ်လိုလက်ရ ထမင်းဆာလာတိုင်း ဗိုလ်ချုပ်ဓားစလွယ်သိုင်းနေသော ထမင်းဆိုင်ကိုသာ မြင်ယောင်တတ်လာသည်။ အဓိပတိ ထမင်းဆိုင် ဗဟန်းကနေ လှည်းတန်း ရောက်လာလျှင်ကောင်းမှာပဲဟု တွေးမိနေတတ်ခဲ့သည်။
ထမင်းဆိုင်ဋီကာ ချဲ့နေခြင်းမှာ အခြားကြောင့်တော့ မဟုတ်ပါ၊၊ ကျနော် စွဲလမ်းခဲ့သော ပဲပုပ်ချက် နှင့် ဗိုလ်ချုပ်ဓားစလွယ်ခုတ် ထမင်းဆိုင် ပိုင်ရှင်မှာ ကဗျာဆရာစောဝေ ဖြစ်ကြောင်း အယ်ဒီတာ တယောက်နှင့် စကားဆက်စပ်မိရာမှ သိခဲ့ရသောကြောင့် ဖြစ်သည်။ နောက်ဆက်တွဲ အနေနှင့်တော့ သူသည် (ဖြူးဆိုလား၊ ဇေယျဝတီ ဆိုလား) မြို့က ဖြစ်ကြောင်း၊ အထိုက်အလျှောက် ငွေရေးကြေးရေး အဆင်ပြေသူ ဖြစ်ကြောင်း၊ ပစ္စည်းများ တွဲဆက်၍ ပြသသော ပန်းချီ အမျိုးအစားများဖြင့် ပြပွဲ လုပ်ဖူးသူ ဖြစ်ကြောင်း၊ နာမည်ကြီးသူများ ပေါင်း၍ နာမည်ကြီးအောင် လုပ်နေသူဖြစ်ကြောင်း … အစ ရှိသဖြင့် မမေးပဲ ကြားခဲ့ရသေးသည်။
သူနှင့် မိနစ် (၂ဝ) ခန့် အတူ ရှိနေခဲ့ခြင်းဆိုသည်မှာလည်း ချောက်တီးချောက်ချက် ကျနော့် ပန်းချီပြပွဲသို့ လာရောက်ခဲ့စဉ်ခါက ဖြစ်သည်။ ဟန်းဖုန်းခါးချိတ်နှင့် အသက် (၄ဝ) ကျော် ဇာတ်လိုက် မင်းသားများကဲ့သို့ စမတ်ကျသူ တယောက်က “ကျနော် ကဗျာဆရာ စောဝေပါ” ဟု မိတ်ဆက်လာသောအခါ ၊ အနည်းငယ် ဘဝင်မကျ ဖြစ်မိခဲ့ပါသည်။
မြန်မာပြည် နှင့် ကဗျာဆရာ၊
ကဗျာဆရာ နှင့် ဟန်းဖုန်း
ဟန်းဖုန်း နှင့် မြန်မာပြည်
ရုတ်တရက် ဆိုတော့လည်း။ ။
(၂)
ဘယ်အမှန်တရားမှ ပိန်းပိတ်အောင်
မမှောင်စေရဘူး
ကမ္ဘာကြီးရေ...
ငါ့ကိုရရှိထားတာလည်း
နင့်အတွက် သယံဇာတ တခုပါပဲ၊
ကမ္ဘာကြီးနင့်ရဲ့ သယံဇာတတွေကို
စစ်ဆိုတဲ့ ဘီလူးကြီးက
မသဒ္ဓါရေစာ စားသုံး
ကုလသမဂ္ဂက ဆာဂျီယိုဒီမဲလိုးကို လွမ်းတယ်
ကမ္ဘာကြီး
ရောဂါ ဘယနဲ့ ကပ်ဆိုတဲ့ မိစ္ဆာက
အလစ်ဝင်သုတ်
မြန်မာပြည်က ကဗျာဆရာလို့
အမည်ခံမသွားတဲ့
ဆရာ မြသန်းတင့်ကို လွမ်းတယ်
ကမ္ဘာကြီး
ငါကဗျာဆရာ
နင့်သံယံဇာတအဖြစ်ကပျောက်မသွားဖို့
အမေပေးခဲ့တဲ့ အသက်သွေးကို
အားအဖြစ်မွေး
အနုပညာဆိုတဲ့ ဒိုင်းလွှားနဲ့ကာကွယ်
ကဲ လာစမ်း
ဘယ်လိုလက်နက်မျိုးနဲ့မဆို
ရန်သူ ...
ငါကဗျာဆရာကွ
မင်းကို ရေနွေးကြမ်းနဲ့မြည်းပစ်မယ်
စောဝေ
စံပယ်ဖွေးဖွေးနေ့များသို့ ချီတက်ချင်းမှ
မဟေသီ သြဂုတ် ၂ဝဝ၎
သူနှင့်ဆုံပြီးနောက်ပိုင်း သူ့ကဗျာများကို သတိထားပြီး ဖတ်ဖြစ်ခဲ့သည်၊၊ ဘယ်သူတွေ ဘာပြောပြော၊ ကျနော် ဘာမြင်မြင် သူကဗျာများက သူ့တန်ဖိုးကို ဖော်ပြနိုင်ခဲ့ပါသည်။
(၃)
ယခု သူနှင့်နောက်တကြိမ် ပြန်ထိတွေ့ခွင့်ရခဲ့ပြန်ပါပြီ။ ပြည်သူတွေရဲ့ အသံကို သူဖွင့်ပြနိုင်ခဲ့ပြီ။ အာဏာရှင်တွေကို အာခံတဲ့နေရာမှာ ကဗျာဆရာတွေဟာ လက်နက်ကိုင်ထားသူတွေထက် သတ္တိရှိကြောင်း နောက်တကြိမ် ပြသခဲ့ပါပြီ။
အခုချိန်မှာ ခင်ဗျား အထုအထောင်းခံနေရလား၊ စိတ်ဓါတ်တွေပြိုပျက်နေချိန်လား။ ဂုဏ်ယူပါတယ် ကိုစောဝေ။ ကဗျာဆရာ ဆိုတာကိုက လောင်းကျွမ်းပြီးသားပါ။ ဒါပေမယ့်ခင်ဗျားက ထွန်းညှိခဲ့တယ်။ ကိုယ်တိုင် အလောင်ကျွမ်းခံ ထွန်းညှိခဲ့တဲ့ မီးစတစ ဟာ အဖိနှိပ်ခံ လူတန်းစားတွေအတွက် လမ်းဖြစ်လာခဲ့မှာပါ။ တောက်ပမှုနဲ့အတူ စောဝေဟာ ပန်းချီကားတချပ်၊ ကဗျာတပုဒ် ဖြစ်တယ်။ ဘယ်သူတွေ ငြင်းမလဲ။ ။ဆိုင်းမေကူး
24.1.08
saw wai poem in ThaRaPhu mag
23.1.08
poem from thewhiterainbow.blog
http://thewhiterainbow.blogspot.com/2007/06/hiv.html
အဖြူရောင်သက်တံဘလော့ဂ်မှာ တင်ထားတဲ့ကဗျာ
ပြေး HIV ပြေး
HIV . . .
အာဖရိကမှာ ၊ အမေရိကမှာ
ဥရောပမှာ အာရှမှာ
မင်း အလည်လွန်နိုင်လွန်း
ဒါပေမယ့် ငါတို့ဆီတော့ မလာခဲ့နဲ့
ငါတို့က မျက်ရည်တောင် ချွေတာသုံးနေရတာ
ပြေး HIV ပြေး
သမီးလေးရယ်
ပေါ့စတစ်တဲ့လား
သားလေးရယ်
ပေါ့စတစ်တဲ့လား
ကျွန်မကြောင့် အမေကြောင့်
ဆရာဝန်ကြီးရယ် အဲဒီပိုးတွေ
သားနဲ့သမီး ဆီကနေ
အမေ့ကိုယ်ထဲကို ပြန်ထည့်လို့မရဘူးလား
အနာမဲ့သူ သျှင်ပါကူ တဲ့
အရှင်ဘုရားရယ် ဒီဆေးရုံမှာ
တစ်ဆူပွင့်တော်မှုပါ
ပြေး HIV ပြေး
ကျောင်းမှာ ဒီကောင်နဲ့ မပေါင်းနဲ့
ကျောင်းမှာ ဒီကောင်မလေးနဲ့ မပေါင်းနဲ့
အလုပ်ထဲမှာ ဒီကောင်နဲ့ မပေါင်းနဲ့
ကုမ္ပဏီရုံးခန်းမှာ ဒီကောင်နဲ့မပေါင်းနဲ့
စားသောက်ဆိုင်မှာ အဲဒီကောင်နဲ့မပေါင်းနဲ့
ရပ်ကွက်ထဲမှာ. . . . မပေါင်းနဲ့
အနုပညာလောကမှာ . . . . မပေါင်းနဲ့
လူ့လောကကြီးမှာ. . . . . မပေါင်းနဲ့
လူတွေကို လူတွေက
ကျဉ်မထားကြပါနဲ့
.... မလုပ်ကြနဲ့ . . . မလုပ်ကြနဲ့
ပြေး HIV ပြေး
HIV ဆိုတာ
လက်လုပ်လက်စားမှသည် သမ္မတထိ
အိုစမာဘင်လာဒင်မှသည် ဂျော့ဘုခ်ျထိ
မည်သည့်လူမျိုး မည်သည့်အသားရောင်မဆို
လူတွေမှာ ဖြစ်တတ်တဲ့ရောဂါ
လူတွေမှာပဲ တာဝန်ရှိပြီး
လူတွေက ကာကွယ်စောင့်ရှောက်
ဒါ လူ့ကမ္ဘာ
ပြေး HIV ပြေး
ဆေးရုံမှာ ဂေဟာမှာ စာသင်ကျောင်းမှာ
မိဘတွေ မိဘမဲ့တွေ လူတွေဆိုတော့
လူတွေက မေတ္တာနဲ့ ကာကွယ်
မေတ္တာနဲ့ စောင့်ရှောက်ပြီးတော့
အဲဒီ HIV ဆိုတဲ့မိစ္ဆာကို
မေတ္တာနဲ့ ရှင်းမေတ္တာမြှားနဲ့ ခွင်း
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေးHIV ပြေး
HIV . . .
မသေမချင်း မင်းကို
တို့ကမေတ္တာဓား မေတ္တာမြှားနဲ့ ရှင်းခွင်း
တို့ . . . . အောင်စေရမယ် နိုင်စေရမယ်
HIV . . . . ပြေးပြေးပြေးပြေးပြေး
HIV . . .
တို့ရဲ့ ဂလိုဘယ်လိုက်ဇေးရှင်းထဲကို
ခိုးဝင်လာတဲ့ သေမင်းရယ်
မင်းလည်းတစ်နေ့ သေစေရမယ်
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေး
ပြေးHIV ပြေး ။ ။
စောဝေ
saw wai's weapon!
ဖေဖော်ဝါရီဆယ့်လေး
အာရင်ဘက်က ပြောတယ်
နာ နာခံစားတတ်မှ ခံစားမှ
ရူးရူးမူးမူးကို ဖြစ်နေမှ
ကြီးမြတ်တဲ့အနုပညာလို့
မှူးမှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ
ကြီးတောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါ တဲ့
သန်းပေါင်းများစွာသော ချစ်တတ်သူများ
ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။
စောဝေ
1.10.2008
i will save it
(http://thewhiterainbow.blogspot.com/2007/06/hiv.html က ရတဲ့ကဗျာ
တခြား ဘလော့ဂ် တော်တော်များများမှာလည်း တွေ့ရတယ်၊ ဘာကြောင့်လဲတော့ မသိပါ။)
သိမ်းမယ်
အထပ်ထပ်ကြဲချခြေရာများ
နှလုံးသားပေါ်မြတ်နိုးစွာ
သိမ်းမယ်။
ဘာကြောင့်ပစ်ပစ်ဘယ်လောက်ပစ်ပစ်
မင်းမျက်စောင်းတွေအားလုံး
အချစ်နဲ့လဲပြီး သိမ်းမယ်။
မြင်လိုက်တာနဲ့
စံပယ်ဖူးလို စူသွားတဲ့မင်းနှုတ်ခမ်း
မျက်ဝန်းထဲမှာ သိမ်းမယ်။
ရင်ခုန်သံတွေအပေါ်
နင်းသွားတဲ့ မင်းခြေဆောင့်သံ
နားနှစ်ဖက်နဲ့ သိမ်းမယ်။
အထပ်ထပ်ဝါးထားတဲ့
မင်းပီကေလေး
ခေါင်းထက်မှာ သိမ်းမယ်။
တွေ့လိုက်တာနဲ့ချာခနဲ လှည့်အထွက်
အင်္ကျီကြားက မင်းခါးသားလေး
ဝင်းမွတ်စွာ သိမ်းမယ်။
မင်းချွေးသုတ်ပြီး လွှင့်ပစ်တဲ့
တစ်သျှူးပေါ်က အနံ့လေး
အိပ်ကပ်ထဲမှာ အမြဲသိမ်းမယ်။
အမြဲမလစ်လပ်တဲ့ မင်းနှလုံးသား
လပ်ရဲလပ်ကြည့်အတွေးနဲ့
သိမ်းမယ်။
အရမ်းခံစားပြီး
ရေးထားတဲ့ကဗျာလေး
ပေးဖတ်လိုက်တဲ့ အခါ
အစိတ်စိတ်အမွှာအမွှာ ဆုတ်ဖြဲပြီး
ဘာကြောင်တာလဲ ဆိုတဲ့မင်းအသံလေးနဲ့ပဲ
ထုပ်သိမ်းမယ်။
ရည်းစားတစ်ယောက်က တစ်ယောက်အကူး
ထွက်ကျသွားတဲ့ မင်းရယ်သံ
နှုတ်ခမ်းထက်မှာ သိမ်းမယ်။
နေ့ည တွေးသမျှ အတွေးတွေအကုန်လုံး
မင်းသိမ်းသွားတဲ့အခါ
အကြီးကျယ်ဆုံး အရှုံးတစ်ခု သိမ်းမယ်။
ရည်းစားဘဝ
စိတ်ကောက်ရင်ရာထူးတက်တယ်တဲ့
ရည်းစားမဟုတ်သေးပေမယ့်
မင်းစိတ်ကောက်နေတာလေး
စိတ်နဲ့ သိမ်းမယ်။
မတွေ့မမြင်တာကြာလို့ မေးတဲ့အခါဖျားနေတာ
အဖျားတွေ တသက်လုံးသိမ်းပါလား တဲ့
တုံ့ပြန်စကားလုံးများအိမ်မက်ထဲမှာ သိမ်းမယ်။
ရိုက်တော့မယ်လို့မာန်စောင်နေတဲ့
မင်းလက်ဖ၀ါးလေး
ပါးပြင်ပေါ်မှာ သိမ်းမယ်။
အချစ်တစ်ခုတည်းနဲ့သာလိမ်းခြယ်ထားမိတဲ့
ဘ၀လေးကျားသစ်လက်
ငါးမန်းပါးစပ်နဲ့တစ်ဟုန်ထိုး ဟပ်ဟပ်နေတာ
မင်း ...ပြန်မအမ်းတော့ဘူးလားဟင်
သိမ်းချင်လို့ပါ
သိမ်းမယ်။ ။
စောဝေ





