22.9.08

505(b) on Saw Wai

ကဗျာဆရာ စောဝေကို အများပြည်သူ ဆူပူလှုံ့ဆော်မှုဖြင့် စွဲချက်တင်

RFA 2008-09-22

ချစ်သူများနေ့ အထိမ်းအမှတ် ဖေဖော်ဝါရီဆယ့်လေးဆိုတဲ့ ကဗျာရေးမှုနဲ့ ဒီနှစ်ဆန်းပိုင်း ဇန်နဝါရီလ ၂၂ရက်နေ့က ဖမ်းဆီးခံရတဲ့ ကဗျာဆရာ စောဝေကို ဗဟန်းမြို့နယ် တရားရုံးက ပုဒ်မ ၅ဝ၅ (ခ) အများပြည်သူ ဆူပူလှုံ့ဆော်မှုနဲ့ စက်တင်ဘာ ၂၂ရက် ဒီနေ့ စွဲချက်တင်လိုက်ပြီလို့ သူ့ဇနီး မနန်းစမ်းစမ်းအေးက ပြောပါတယ်။ နဂိုမူလက ၁၂ကြောင်း ပါရှိတဲ့ ကဗျာကို စာပေစိစစ်ရေးက ပုံနှိပ်ခွင့်မပေးနိုင်ဘူးလို့ ပယ်ချထားတဲ့ကြားက အချစ်ဂျာနယ်က ရှစ်ကြောင်းပါတဲ့ ကဗျာအဖြစ် ဖော်ပြခဲ့တာပါ။

ကဗျာတကြောင်းချင်းစီရဲ့ ထိပ်စည်းအစက ရေးထားတဲ့ စာလုံးတွေကို ထောင်လိုက်ဖတ်ရင် ‘အာဏာရူးကြီး မှူးကြီးသန်းရွှေ’လို့ ဖတ်လို့ရပါတယ်။ တကယ်တမ်းတော့ ဒီကဗျာကို ဂျာနယ်မှာ ဖော်ပြဖို့မဟုတ်ပဲ အပျော်အပျက်ရေးပြီး အယ်ဒီတာကို အလွတ်သဘော ပြကြည့်တာလို့ မနန်းစမ်းစမ်းအေးက ပြောပါတယ်။

မနန်းစမ်းစမ်းအေး။ ။ 'ပါရစေ့ရဲ့ မဟုတ်ဘူး၊ အပြင်မှာ အပျော်အပျက် လက်တန်းရေးပြီးတော့ ပြကြည့်တာ၊ ဒီလိုပြကြည့်တာကို လုပ်စားချင်တဲ့လူက အဲဒီလို လုပ်လိုက်တာလေ၊ ဟို စိစစ်ရေးကိုတော့ သူက ဆယ့်နှစ်ကြောင်းလုပ်ပြီး တင်လိုက်တာ၊ ရုံးမှာလည်း ထွက်ချက်က အဲဒီလိုပဲ ထွက်တယ်။ ပယ်တယ်ပေါ့ စာပေစိစစ်ရေးက၊ ကြက်ခြေခတ်ထားပေမဲ့ ကိုမြတ်ခိုင်တို့က မပါပါအောင် ထည့်လိုက်တယ်၊ ဒါမပါသင့်ဘူးဆို စိစစ်ရေးက ပယ်ထားပြီးပြီဆိုလည်း ပယ်ထားပြီးပြီပေါ့ ဟုတ်တယ်မဟုတ်လား၊ စိစစ်ရေးက ပယ်ထားရက်သားနဲ့ ဘာလို့ပါသလဲ၊ ဆယ့်နှစ်ကြောင်းကို သူက ရှစ်ကြောင်းနဲ့ ပါလာတယ်လေ။'

စာပေစိစစ်ရေးက ပယ်ထားတဲ့ကဗျာကို ဖော်ပြတဲ့ အချစ်ဂျာနယ်ကိုတော့ ထုတ်ဝေခွင့်တပတ် ပိတ်တာပဲ ရှိတယ်လို့လည်း ဆက်ပြောပါတယ်။

'ပြီးတော့ အယ်ဒီတာကို ဘယ်လိုအရေးယူသလဲဆိုတော့ နောက်အဲဒီလို မပါရစေပါဘူးဆိုပြီးတော့ လက်မှတ်ပဲထိုးခိုင်းတယ်တဲ့။ သူတို့ကျတော့ ဘာကြောင့် ပြစ်မှုတွေ အဲဒီလောက်ပေါ့ပြီးတော့ ကိုစောဝေကျမှ အခု အချုပ်ခံထားရတာ၊ ကိုးလထဲ ရောက်နေပြီ ပထမဆုံး တာဝန်အရှိဆုံးကတော့ အယ်ဒီတာပဲ၊ ဒါပေမဲ့ ဒီအယ်ဒီတာကျတော့ ဘာဖြစ်လို့ အပြင်မှာ လွတ်လွတ်လပ်လပ်နေသလဲ၊ ကဗျာရေးတဲ့လူ တယောက်ပဲ အပြစ်ရှိသလား၊ ကျမတို့လည်း အဲဒါကို သိချင်ပါတယ်'လို့လည်း ပြောသွားပါတယ်။

ကိုစောဝေကို စက်တင်ဘာလ ၂၉ရက်မှာ ရုံးချိန်းပေးထားပြီး အမှုဆက်လက် စစ်ဆေးပါမယ်။



No comments: