23.1.08

irrawaddy news in burmese

ကဗျာဆရာ စောဝေ အဖမ်းခံရ
ကိုသက် ဇန်နဝါရီ ၂၃၊ ၂၀၀၈
http://www.irrawaddy.org/bur/news2008/January/jan_23a_08.html

ကဗျာဆရာ စောဝေ၏ ကဗျာတပုဒ်ပါ စာကြောင်းများ၏ ထိပ်ဆုံးစာလုံးများကို ဒေါင်လိုက်ဖတ်ပါက “အာနာရူးကြီး မှူးကြီး သန်းရွှေ” ဟူသည့်စာသား ထွက်လာ သောကြောင့် ရဲအထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ) က ၎င်းအား ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း ရန်ကုန် စာပေအသိုင်းအဝန်းက ပြောသည်။
အဆိုပါကဗျာကို ယခုအပတ်ထုတ် အချစ်ဂျာနယ်တွင် ဖော်ပြထားပြီး ယမန်နေ့က ယင်းဂျာနယ်၏ ထုတ်ဝေသူ မောင်ပန်းမွှေး၊ အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် ကိုစောဝေတို့ ၃ ဦးကို စာပေစိစစ်ရေးအဖွဲ့က ခေါ်ယူတွေ့ဆုံပြီးနောက် ကိုစောဝေ အား အက်စ်ဘီကဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အယ်ဒီတာ တဦးက ပြောသည်။

“အဖြေထွက်မလာတဲ့ လက်ရှိနိုင်ငံရေးအခြေအနေမှာ အနုပညာရှင်တွေက ရတဲ့ အပေါက်ကနေပြီးတော့ သူတို့ရဲ့ ဆန့်ကျင်တဲ့စိတ်ဓာတ်ကို ပြတာတွေကို တွေ့နေ ရတယ်။ သူတို့ရဲ့ ဝေဒနာကို ရင်ထဲမှာ မခံစားနိုင်တော့လို့ ဖြစ်လာမယ့်ဆိုးကျိုး တွေကိုတောင်မတွေးတော့ဘဲ တကိုယ်တော်ဆန့်ကျင်ရေးတွေ လုပ်လာကြတယ်” ဟု အမည်မဖော်လိုသည့် အယ်ဒီတာက ပြောသည်။

ပဲခူးတိုင်း ဖြူးမြို့ရှိ ဆက်သွယ်ရေးရုံးစာရေး ကိုစောဝေသည် ၁၉၈၈ ခု ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်သောကြောင့် အလုပ်ထုတ်ခံခဲ့ရသည်။ ၎င်းနောက်ပိုင်းတွင် ရန်ကုန်သို့ပြောင်းရွှေ့အခြေချခဲ့သူ ဖြစ်သည်။
ကိုစောဝေသည့် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသော အဖြူရောင်သက်တံအဖွဲ့ကို ဦးဆောင်နေသူတဦးလည်း ဖြစ်သည်။ အဖြူရောင်သက်တံအဖွဲ့အား အနုပညာရှင်များဖြင့် စုစည်းထားပြီး အိတ်ခ်ျအိုင်ဗီဝေဒနာရှင် ကလေးငယ်များအတွက် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။

အချစ်ဂျာနယ်သည် အနုပညာအသိုင်းအဝန်းနှင့် ပတ်သက်သည့် သတင်း၊ ဆောင်းပါးနှင့် ကဗျာများကို ဖော်ပြသည့် ဂျာနယ် တစောင်ဖြစ်သည်။ ယခုအပတ်ထုတ် အချစ်ဂျာနယ်တွင်ဖော်ပြထားသည့် ကိုစောဝေ၏ ကဗျာမှာ “ဖေဖော်ဝါရီဆယ့်လေး” ဟု အမည်ပေးထားသည့် အချစ်ကဗျာတပုဒ်ဖြစ်သည်။

အချစ်ဂျာနယ် ထုတ်ဝေသူ မောင်ပန်းမွှေးနှင့် အယ်ဒီတာ ဦးမြတ်ခိုင်တို့သည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် နီးစပ်သူများ ဖြစ်ကြပြီး ကိုစောဝေ ကဗျာကိုဖော်ပြသဖြင့် ၎င်းဂျာနယ်အား စာပေစိစစ်ရေးက ပိတ်ကောင်း ပိတ်နိုင်သည်ဟု ပြည်တွင်း စာနယ်ဇင်းသမားများက သုံးသပ်ပြောဆိုနေကြသည်။

ယခုအပတ်အတွင်း စာအုပ်ဆိုင်များတွင် အချစ်ဂျာနယ် ဝယ်မရအောင် ကုန်သွားသည်ဟု ရန်ကုန်မြို့ရှိ ဧရာဝတီ သတင်းထောက်က ပြောသည်။

No comments: