24.1.08

RFA news in burmese



http://www.rfa.org/burmese/news/2008/01/23/poet_arrested_for_coded_poem/
စာဝှက်ကဗျာကြောင့် ကဗျာဆရာ စောဝေ အဖမ်းခံရ
RFA 2008.01.23
ချစ်သူများနေ့ အထိမ်းအမှတ် ဖေဖော်ဝါရီဆယ့်လေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာရေးတဲ့ ကဗျာဆရာစောဝေကို သက်ဆိုင်ရာက မနေ့က ဇန်နဝါရီ ၂၂ရက်မှာ ဖမ်းဆီးခေါ်ယူသွားပါတယ်။ ကဗျာပါတဲ့ တနင်္လာနေ့ထုတ် အချစ်ဂျာနယ်ကိုလည်း သက်ဆိုင်ရာက လိုက်လံသိမ်းဆည်းနေတယ်လို့ ရန်ကုန်စာနယ်ဇင်းအသိုင်းအဝိုင်းက ပြောပါတယ်။

ဇန်နဝါရီ ၂၁ရက်နေ့ထုတ် အချစ်ဂျာနယ်မှာ ကဗျာဆရာစောဝေရဲ့ ဖေဖော်ဝါရီဆယ့်လေး ကဗျာမှာ စာကြောင်းရှစ်ကြောင်းပါရှိပြီး စာကြောင်းတကြောင်းချင်းစီက အစမှာရေးထားတဲ့ စာတလုံးချင်းကို စီဖတ်ရင် ‘အာဏာရူးကြီးမှူးကြီးသန်းရွှေ’ လို့ ဖတ်နိုင်ပါတယ်။ ဒါကြောင့် ကိုစောဝေကို ခေါ်ယူစစ်ဆေးနေတာ ဖြစ်နိုင်တယ်လို့ ရန်ကုန်စာပေအသိုင်းအဝိုင်းက ပြောပါတယ်။

ကိုစောဝေကို ရွှေဂုံတိုင်နေအိမ်က ခေါ်သွားချိန်မှာ သူ့ဇနီး ချက်နည်းပြုတ်နည်းစာအုပ် ရေးသားတဲ့ နန်းစမ်းစမ်းအေးက နေအိမ်မှာရှိမနေပါဘူး။ ကိုစောဝေကို သက်ဆိုင်ရာက ခေါ်ယူသွားတာနဲ့ ပတ်သက်ပြီး၊ ဖြူမြို့မှာ နေတဲ့ သူ့ဆီကို ကိုမြတ်ခိုင်ရဲ့ အမျိုးသမီးက ဖုန်းလှမ်းဆက်ပြီး အချစ်ဂျာနယ်ထဲမှာ ကဗျာပါလို့ အဲဒီကဗျာကြောင့် ငြိုငြင်ပြီး ကိုမြတ်ခိုင်ရော၊ ကိုစောဝေရော ခေါ်ပြီးထိန်းသိမ်းမယ်လို့ ပြောလို့ မယုံပေမဲ့ လှမ်းပြီး စုံစမ်းတဲ့အခါ တကယ်ဖြစ်တဲ့အကြောင်း သိရတယ်လို့ ဆိုပါတယ်။

ကိုစောဝေရဲ့ဇနီးဟာ ဒီနေ့ပဲဖြူးမြို့ကနေ ရန်ကုန်ကိုပြန်ရောက်လာပြီး ကျိုက္ကဆံစစ်ကြောရေးစခန်းမှာ သွားရောက်စုံစမ်းမယ်လို့ ပြောပါတယ်။ အချစ်ဂျာနယ် ထုတ်ဝေခွင့်ရထားတဲ့ ကဗျာဆရာမောင်ပန်းမွှေးက ကိုမြတ်ခိုင်ကို ထုတ်ဝေခွင့်ကဒ်ပြား ငှားစားတာလို့ စာပေနယ်က သိကြပါတယ်။

လျှပ်တပြက်ဂျာနယ်တိုက်ကတော့ ဗိုလ်တထောင်ဘုရားလမ်းမှာရှိပါတယ်။ ကိုမြတ်ခိုင်ကိုလည်း သက်ဆိုင်ရာက မနေ့က ခဏခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

ဂျာနယ်တစောင်ကို ထုတ်ဝေတဲ့ အယ်ဒီတာချုပ်ဟာ သူမသိပါဘူး ပြောလို့မရပဲ ဂျာနယ်မှာ ပါတာမှန်သမျှ အစအဆုံး တာဝန်ယူရမယ်လို့ ရန်ကုန်စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောပါတယ်။

ကိုစောဝေရဲ့ကဗျာပါတဲ့ ဂျာနယ်ကို သက်ဆိုင်ရာကလိုက်လံ သိမ်းဆည်းနေလို့ ဒီကဗျာအကြောင်း လူတွေကြား ပိုပျံ့နှံ့သွားတာလို့ ရန်ကုန်မြို့ခံတဦးကလည်း ပြောပါတယ်။ ကိုစောဝေဟာ မိဘမဲ့ကလေးများအတွက် ရန်ပုံငွေရရှိရေးအတွက် အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲလုပ်ရာမှာ ပါဝင်သူတဦးဖြစ်ပါတယ်။ သူနဲ့ အတူ ကဗျာရွတ်ဆိုတဲ့ ကဗျာဆရာ ကိုအောင်ဝေးကတော့ စက်တင်ဘာ သံဃာ့သပိတ်မှာ ပါဝင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ရာက ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။

No comments: