26.2.08

puzzle poem

“အာဏာရူးကြီး မှူးကြီး သန်းရွှေ” ကဗျာ ပဟေဠိ

မဇ္ဈိမ/ နန်းဒေဝီ Friday, 22 February 2008 15:42 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။



စာပေစိစစ်ရေးက ပယ်ချခဲ့သည့် ကဗျာဖြစ်သော “ဖေဖော်ဝါရီ ဆယ့်လေး” ကို အချစ်ဂျာနယ်တွင် ဇန်နဝါရီလက ဖော်ပြခဲ့မှုသည် ပဟေဠိ ဖြစ်နေသည်။

“အာဏာရူးကြီး မှူးကြီး သန်းရွှေ” ဟု စကားဝှက် ပါရှိသော ကိုစောဝေ၏ ကဗျာ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တွင် ပါရှိခဲ့ခြင်းကို ကဗျာဆရာ ကိုင်တိုင် မသိရှိပဲ ဖြစ်နေသည်ဟု ကဗျာကြောင့် အထိန်းသိမ်း ခံနေရသူ၏ ဇနီးသည် ဒေါ်နန်းစမ်းစမ်းအေးက ပြောသည်။



“ကိုစောဝေက တခုတော့ ပြောလိုက်တယ်။ ဒီကဗျာက စိစစ်ရေးက ပယ်ထားတယ်၊ ကဗျာကို ကြက်ခြေခတ်လည်း ခတ်ထားပြီးသား။ အဲဒီလို ပယ်ပြီးသားကို ကိုမြတ်ခိုင်က သူ တာဝန်ယူတယ် ဆိုပြီးတော့ ထည့်လိုက်တာလို့ ပြောတယ်” ဟု ထောင်ဝင်စာ သွားရောက်တွေ့ခဲ့သည့် ဒေါ်နန်းစမ်းစမ်းအေးက ပြောသည်။
သို့သော် ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးမြတ်ခိုင်ကမူ ကာယံရှင်ကိုယ်တိုင် သဘောတူညီမှုဖြင့် ပုံနှိပ် ထုတ်ဝေခဲ့သည်ဟု မဇ္ဈိမသို့ ပြောပြခဲ့ဖူးသည်။



“စောဝေက ကျနော့်ကို ဖုန်းဆက်တယ်။ Valentine Day အတွက် ကဗျာပေးချင်တယ် ပြောတယ်။ Valentine Day ဆိုတဲ့ စကားလုံးက ရမှာ မဟုတ်ဘူး ဆိုပြီး ဖေဖော်ဝါရီ ဆယ့်လေး ဆိုပြီး ရေးလို့ ပြောတယ်။ သူပို့တဲ့ ကဗျာ၊ စောဝေ ကိုယ်တိုင် ကျနော့်ကို ဖုန်းဆက်ပြီး ပေးတဲ့ ကဗျာ” ဟု ဦးမြတ်ခိုင်က ပြောသည်။



နောက်ထပ် ပြုလုပ်သည့် တယ်လီဖုန်းမှတဆင့် မေးမြန်းခြင်းကို ဖြေကြားရာတွင် ဦးမြတ်ခိုင်က “ကျနော်ပြောရင် ကျနော့် Voice ပဲဖြစ်မယ်။ ကာယကံရှင်က စောဝေ။ စောဝေ သူ အသိဆုံးပဲ။ ဒီအချိန်မှာ စောဝေက အထဲမှာ ရှိနေတဲ့အတွက် ကျနော် ဘာမှမပြောလိုဘူး။ ကျနော်တို့ကြောင့် ဘယ်သူမှလည်း မနစ်နာစေချင်ဘူး။ တခြား လူကြောင့်လည်း ကျနော် မနစ်နာချင်ဘူး။ ကျနော်နဲ့ သူက ပြောမနာ ဆိုမနာ နေလာခဲ့ကြတဲ့ သူတွေဆိုတော့ ဒီအချိန်မှာ ဘာမှမပြောလိုဘူး” ဟု ပြောသည်။



ကဗျာကြောင့် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပြီး အချစ်ဂျာနယ် ထုတ်ဝေခွင့်ကို စာပေစိစစ်ရေးက တလခန့် ရပ်ဆိုင်းခဲ့သော်လည်း၊ ယမန်နေ့က စ၍ ပြန်လည် ထွက်ရှိလာမှုအပေါ် ရန်ကုန်စာပေ အသိုင်းအဝိုင်း အတွင်းနှင့် သတင်းစာ လောကတွင် ဝေဖန်စရာ ဖြစ်နေသည်။



ကဗျာရေးသူကိုတော့ ဇန်နဝါရီ ၂၂ ရက်နေ့ ကတည်းက ဖမ်းဆီးခဲ့ပြီး ယနေ့တိုင် တရားရုံး ထုတ်ခြင်းမရှိဘဲ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်။



ဦးမြတ်ခိုင်ကို သတင်းစာပေ အသိုင်းအဝိုင်းနှင့် စစ်အစိုးရ ဆန့်ကျင်ရေး နိုင်ငံရေး လှုပ်ရှားသူများက စစ်အစိုးရ အလိုကျ လုပ်ဆောင်နေသူဟု ယုံကြည်ကြသည်။



ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ (ဘီအမ်အေ) အတွင်းရေးမှူး ကိုစံမိုးဝေ က “ကိုမြတ်ခိုင်ကိုတော့ အရေးယူတာမျိုး မလုပ်ဘဲနဲ့ ရေးတဲ့ သူတယောက်ထဲကို အခုလို လုပ်တာကတော့ ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ဘူး။ တကယ်လို့ ကိုစောဝေကို ဒီကဗျာ ထည့်သုံးမယ် ဆိုတာကို အကြောင်းမကြားဘဲနဲ့ ထည့်လိုက်တာ ဆိုရင်တော့ ကျင့်ဝတ်သိက္ခာ မရှိဘဲနဲ့ လုပ်လိုက်တဲ့ လုပ်ရပ်မျိုး ဖြစ်တယ်” ဟု ပြောသည်။



“ဖေဖော်ဝါရီ ဆယ့်လေး” ကဗျာတွင် ပါရှိသည့် ထိပ်စီးစာလုံးများကို အစဉ်လိုက် ဖတ်ကြည့်ပါက “အာနာ (ဏာ) ရူးကြီး၊ မှူးကြီးသန်းရွှေ” ဟု အဓိပ္ပာယ် ထွက်သည်။


No comments: