7.5.10

going to be free

ကဗျာဆရာ စောဝေ လွတ်တော့မည် ဟုဆို
သန်းထိုက်ဦး Friday, May 07, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဏာရူးကြီးဟု ဝေဖန် ရေးသား မှုကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံနေရသော ကဗျာဆရာ စောဝေသည် ယခုလ ၂၆ ရက်နေ့တွင် ပြန်လွတ် လာမည် ဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောသည်။

မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင်တွင် တနင်္လာနေ့က မိသားစု သွားရောက် တွေ့ဆုံစဉ် ထောင်တွင် ကပ်ထားသည့် မကြာမီ လွတ်မည့် အကျဉ်းသား အမည် စာရင်းတွင် ကိုစောဝေ၏ အမည်ကို တွေ့ခဲ့ ရသည်ဟု ဇနီးဖြစ်သူ ဒေါ်နန်းစန်းစန်းအေးက ဧရာဝတီကို ပြောသည်။

“သူ့ရဲ့ လွတ်ရက်ကိုက ရုံးတင်တဲ့နေ့ မေလ ၂၆ ရက်နေ့လို့ ထောင်အာဏာ ပိုင်တွေက နဂို ကတည်းက ပြောထားပြီးသား” ဟု သူက ရှင်းပြသည်။

ထို့နေ့တွင် လွတ်ရန် သေချာကြောင်း၊ သူ့အား လာရောက် ကြိုဆိုခြင်း မပြုရန် ကိုစောဝေက မှာကြားခဲ့ကြောင်း ဒေါ်နန်းစန်းစန်းအေးက ပြောသည်။

ကိုစောဝေ သတင်းနှင့် ပတ်သက်ပြီး မေးမြန်းရန် ရမည်းသင်း အကျဉ်းထောင်သို့ ဆက်သွယ်၍ မရသေး။

ကဗျာဆရာ စောဝေသည် မျက်စိ တိမ်စွဲ နေသဖြင့် ထောင်မှလွတ်လာသည့်အခါ မျက်စိ အထူးကု ဆရာဝန်ထံတွင် ကုသမှု ခံယူရန် စီစဉ်ထားသည်ဟု ဇနီးဖြစ်သူက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရည်ရွယ်ပြီး “အာနာရူးကြီး မှူးကြီး သန်းရွှေ” ဟု ရေးသားထားသော သူ၏ ကဗျာသည် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ထုတ် ဂျာနယ်တစောင်တွင် ဖော်ပြခဲ့သည်။

ကိုစောဝေသည် ဖြူးမိတ်ဆွေများ စာကြည့်အသင်းကို ဦးဆောင်ခဲ့သူ တဦး ဖြစ်ပြီး အသင်း၏ စာပေဆုပေးပွဲများ နှစ်စဉ် ကျင်းပရေးအတွက် စီစဉ်ခဲ့သူ တဦး ဖြစ်သည်။

HIV/AIDS ကူးစက်ခံရသည့် မိဘမဲ့ ကလေးများ ရန်ပုံငွေအတွက် ကဗျာ ရွတ်ဆိုပွဲများကိုလည်း ရန်ကုန်၊ မန္တလေးမြို့များတွင် တားဆီးပိတ်ပင်မှုများ ကြားမှ စီစဉ်ခဲ့သူ တဦးလည်း ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ကြီး ဖြစ်သည့် Human Rights Watch က ကဗျာဆရာ စောဝေကို Hellman/Mammett ဆု ချီးမြှင့်ခဲ့သည်။

ဖိနှိပ် ချုပ်ချယ်မှုများကြားမှ မိမိ၏ အမြင်ကို ရဲရင့်စွာ ဖော်ထုတ် ရေးသားသောကြောင့် ဆုပေးခြင်း ဖြစ်သည်ဟု ထိုအဖွဲ့က ဆိုသည်။

Hits: 2680
Comments (2)Add Comment

ဂုဏ်ယူပါတယ်
written by ဖြူးသား, May 13, 2010
ကိုစောဝေ လို လူမျိုးတွေရှိလို ကျွှန်တော်တို့ ဖြူးမြို့ အတွက် ဂုဏ်ယူပါတယ်ဗျာ



written by soe , May 08, 2010
အ၇မ်းကို တော်တဲ့ ကဗျာဆ၇ာ စောဝေ လွတ်မယ် ကြားလို့ ဝမ်းသာ သလို့  အားလည်း တက်ပါ တယ် ...
သူဟာ အမှန်တ၇ား ဖေါ်ထုတ်ရဲတဲ့ သူ တစ်ဦးပါ ..ကျွန်တော် လေးစားထဲမှာ သူတစ်ဦး အပါဝင်ပါဘဲ..
ကြိုဆိုပါတယ် ဆ၇ာ စောဝေ
ချင်းမိုင်ေ၇ာက် ...
စိုးစိုး

No comments: