“တကမ္ဘာလုံး ကြိုက်တဲ့ အမှန်တရား အလံ လွှင့်ထူခဲ့တယ်”
Saturday, June 05 ဧရာဝတီ
ကဗျာဆရာ စောဝေသည် ဖြူးမိတ်ဆွေများ စာကြည့်အသင်းကို ဦးဆောင်ခဲ့သူ တဦး ဖြစ်ပြီး အသင်း၏ စာပေဆုပေးပွဲများ နှစ်စဉ် ကျင်းပရေးအတွက် စီစဉ်ခဲ့သူ တဦး ဖြစ်သည်။ HIV/AIDS ကူးစက်ခံရသည့် မိဘမဲ့ ကလေးများ ရန်ပုံငွေအတွက် ကဗျာ ရွတ်ဆိုပွဲများကိုလည်း ရန်ကုန်၊ မန္တလေးမြို့များတွင် တားဆီးပိတ်ပင်မှုများ ကြားမှ စီစဉ်ခဲ့သူ တဦးလည်း ဖြစ်သည်။
၂၀၀၉ ခုနှစ်တွင် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ကြီး ဖြစ်သည့် Human Rights Watch က ကဗျာဆရာ စောဝေ ကို Hellman/ Mammett ဆု ချီးမြှင့်ခဲ့သည်။
ကဗျာဆရာစောဝေသည် “အာနာ ရူးကြီး မှူးကြီး သန်းရွှေ” ဟူသည့် စကားလုံး များ ပါသော ကဗျာကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်၌ ရေးသားခဲ့ သောကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရပြီး ထောင်တွင်း၌ စုစုပေါင်း ၂၈ လခန့် နေခဲ့ရသည်။ မေလ ၂၆ ရက်နေ့က ပြန်လည်လွတ်မြောက်လာသော ကဗျာ ဆရာ စောဝေ၏ ဆက်လက်လုပ်ဆောင်မည့် အနုပညာနှင့် လူမှုရေးလုပ်ငန်းများ အကြောင်းကို ဧရာဝတီ သတင်းထောက် အေးချမ်းမြေ့က မေးမြန်း ထားပါသည်။
မေး။ ။ ပြည်တွင်းမှာလည်း မဂ္ဂဇင်းတွေက အင်တာဗျူး စ လုပ်လာပြီဆိုတော့ ကိုစောဝေရဲ့ အင်တာဗျူးကို ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြခွင့်ရပါ့မလား။
ဖြေ။ ။ ပြည်တွင်း သတင်းမီဒီယာ တွေကတော့ လာပြီး မေးမြန်းကြတယ်။ မေးတဲ့အခါ ကျနော် ကိုယ်တိုင်ကလည်း ထောင် ထွက်ဆိုတော့ ဘာပဲပြောပြော ဆိုးတာတွေ များမှာပဲ။ ဒါပေမယ့် ဆိုးတာတွေကို ပြောနေရင် ရှေ့ဆက်လို့ မရမယ့် အတူတူ တော့ ကျနော် ကောင်းတဲ့ အချက်လေးတွေပဲ ရွေးပြောပါ့မယ်ဆိုပြီး ပြောလိုက်တယ်။ ပြောတဲ့ဟာတွေ အားလုံးကို ယူသွားပါ တယ်။ တင်ကြည့်မယ်ပေါ့။ ကြိုးစားမယ်ပေါ့။ သူတို့ဘက်ကတော့ ရနိုင်တယ်လို့ ယုံကြည်တယ်ပေါ့။ ဘာဖြစ်လို့ ရနိုင်တယ်လို့ ယုံကြည်လဲဆိုရင် အခု ၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာတော့ ထိုက်သင့်တဲ့ လွတ်လပ်မှုလေးတွေ ရလာမယ်လို့ ပြောကြတယ်။ ကျနော်လည်း ထောင်ထဲမှာ ဖတ်ရတယ်။ သူတို့ကလည်းပြောတယ်။ သူတို့ကလည်း ရနိုင်မယ်လို့ ယုံကြည်ပြီး ကျနော့်ကို မေး တာပါ။
မေး။ ။ အနုပညာအလုပ်နဲ့ ပတ်သက်လို့ ကိုစောဝေ ဘာတွေ စလုပ်ဖို့ စီစဉ်ထားလဲ။
ဖြေ။ ။ အနုပညာ အလုပ်ကတော့ ကျနော် ထောင်ထဲမှာ ကဗျာ ရေးလာတာတွေရှိတယ်။ နောက် စာတမ်းလေး တခုလည်း ပြုစုလာတယ်။ ခေတ်ပေါ် အနုပညာနဲ့ ခေတ်ပေါ် နိမိတ်ပုံဆိုတဲ့ စာတမ်းလေး။ အဲဒီစာတမ်းလေးကိုလည်း ကျနော် အချော သတ်မယ်ပေါ့။ နောက် စာပေနယ်မှာ ကဗျာ အစရှိသဖြင့်ပေါ့၊ ဆောင်းပါး၊ ၀တ္တုတိုလေးတွေလည်း ရေးမယ်ပေါ့။ ပုဒ်ရေ တော် တော် များများ ၅၀ ကျော်လောက် လုပ်လက်စ ဟာလေးတွေကိုလည်း လုံးချင်းထုတ်ဖို့ ကျနော် ထောင်မကျခင် ကတည်းက လုပ်နေတာရှိတယ်။ အဲဒါလေး လုပ်ရင်း ထောင်ကျသွားတာ။ အဲဒါကို ၀တ္ထုတို ပေါင်းချုပ်လေးထုတ်ဖို့ ကြိုးစားမယ်ပေါ့။ ဒါက တကိုယ်ရေ အနုပညာ ဖြတ်သန်းမှုပေါ့။ လူမှုရေးအနေနဲ့ကတော့ အဖြူရောင်သက်တံကို ကျနော် ဆက်ပြီးတော့ ရှိပြီးသားရော၊ အင်အားသစ်တွေပါ ဖြည့်ပြီးတော့ လိုအပ်တဲ့ ဘယ်နေရာမဆို သွားချင်တယ်။ ဘာအခက်အခဲ ဘာပြဿနာမှ မရှိဘူးဆိုရင် တော့ ကျနော် အဲဒါလည်းလုပ်သွားချင်တယ်။
မေး။ ။ ခုနက ပြောသွားတဲ့ ခေတ်ပေါ်အနုပညာနဲ့ ခေတ်ပေါ်နိမိတ်ပုံဆိုတဲ့ စာတမ်းလေးက ကိုစောဝေ ထောင်ကျသွားရတဲ့ အကြောင်းရင်းနဲ့များ ပတ်သက် နေမလား။
ဖြေ။ ။ မပတ်သက်ဘူးလို့တော့ ပြောလို့မရဘူး။ ထောင်ကျမှ အချိန်လည်းရတော့ ရေးဖြစ်သွားတာပေါ့။ အရင်ကတည်းက ကျနော် ပျိုးထားတာ ရှိပါတယ်။ အင်စတော်လေးရှင်း ပေါ်လစီတို့၊ ပါဖောင်းမန့် ပေါ်လစီတို့၊ အင်စတော်လေးရှင်းရှိုးတို့ဆို ကျနော် မြန်မာပြည်မှာ စခဲ့တယ်လို့ ပြောလို့ရတယ်။ ကျနော် စခဲ့တာလေးပေါ်မှာ တစိုက်မတ်မတ် လုပ်ချင်တာနဲ့ အဲဒါလေး ကိုအခြေတည်ပြီး ခေတ်ပေါ်အနုပညာရဲ့ နိမိတ်ပုံ စာတမ်းလေးကို ရေးဖြစ်တာပါ။
မေး။ ။ အဲဒီအထဲမှာ ဘယ်လို အကြောင်းအရာတွေ ပါလဲ။ အင်စတော်လေးရှင်းရယ်၊ ကဗျာရယ် ကို အဓိက ထားတာလား။
ဖြေ။ ။ အဲဒီ ၂ ခု ဆိုတာထက် ကမ္ဘာကြီးက ပြောင်းလဲလာတဲ့ အနုပညာ အခင်းအကျင်းကိုလည်း ကျနော်က ဘယ်လို တွေ့ရှိလဲဆိုတော့၊ ဖန်းတီးမှုတွေ မျိုးစုံရှိတဲ့နေရာမှာ တချို့က နိုင်ငံရေး ဖန်တီးမှုဖြစ်ချင်ဖြစ်မယ်၊ တချို့က သဘာဝ ပတ်ဝန်း ကျင်ကို ခံစားပြီးတော့ ဖန်တီးတဲ့ ဖန်တီးမှု ဖြစ်ချင်ဖြစ်မယ်၊ တချို့က စီးပွားရေး အောင်မြင်မှု၊ မအောင်မြင်မှု၊ အခက်အခဲ၊ ချောင်လည်မှု အဲဒါတွေကို မီးမောင်းထိုးပြတဲ့ ဖန်တီးမှု ဖြစ်ချင်ဖြစ်မယ်ပေါ့။ တချို့ကျတော့ အမျိုးအစား နည်းနည်းပြန့်လာတဲ့ သဘောကို ကျနော် တွေ့ရတယ်လေ။ စီးပွားရေး အကြောင်းနဲ့ အနုပညာတွေ ထပ်လာတာ တွေ့ရတယ်။ အဲဒါတွေက အင်စတော်လေးရှင်း ဖြစ်ချင်ဖြစ်ပြီးတော့ ပါဖောမန့် ဖြစ်ချင်လည်းဖြစ်မယ်။ ဒါမှမဟုတ် ကဗျာထဲမှာတင်ပဲ သက်ရောက်ရင် သက်ရောက်နေမယ်။ တခြားသော အနုပညာ တခုမှာပဲ တခြားပုံစံ အဖြစ် ပေါ်ထွက်လာတာ တွေ့ချင်လည်း တွေ့ရမယ်။ အဲဒါလေးတွေကို အခြေပြုပြီးတော့ ကျနော်က အသစ်အသစ်သော တွေ့ရှိမှုများနဲ့ မြန်မာပြည်ရဲ့အနေအထား၊ ကျနော် ဖြတ်သန်းနေရတဲ့ အနုပညာခရီးလမ်းကြောင်းနဲ့ အဲဒါလေးတွေကို ခြယ်ပြီး ထောင်ထဲမှာ ရေးဖြစ်တာပေါ့။
ခုနက နိုင်ငံရေး အကြောင်းအရာဆိုရင်တော့ ကမ္ဘာအရပ်ရပ်မှာလည်း ရှိခဲ့တာပဲ။ အဲဒီလိုခေတ်တွေက ဘုရင်တွေ၊ သမ္မတတွေ၊ ၀န်ကြီးတွေကို အမှန်ကိုရောက်စေချင်လို့ ကဗျာဖွဲ့ပြီး ရေးခဲ့တာတွေလည်း ရှိခဲ့တာပဲ ဆိုတော့ အဲဒါမျိုးလေးတွေကို ကျနော်က ခြယ်ပြီးရေးမယ်လို့ စိတ်ကူးထားတာပေါ့။ ခုနကပြောတဲ့ အမျိုးအစားတွေကတော့ ခပ်များများ ပါမှာပေါ့။
မေး။ ။ ခေတ်ပေါ်အနုပညာ ဆိုတာက အရမ်းလည်း ကျယ်ပြန့်တယ်၊ အရမ်းလည်း လေးနက်တယ်လို့ ပြောရမယ် ထင်တယ်။ အဲဒီတော့ ကျမတို့ နိုင်ငံက စာပေစိစစ်ရေးလို တင်းကျပ်တဲ့ နေရာတခုကို ချဉ်းကပ်တဲ့အခါ ခေတ်ပေါ် အနုပညာနဲ့ ချဉ်းကပ်ရင် လွယ်ကူပါ့မလား။ စာပေစိစစ်ရေး ဆိုတာက သိပ်နားလည် လွန်းလို့ ပြဿနာရှိနိုင်သလို၊ လုံးဝ နားမလည် ရင်လည်း ပြဿနာရှိတယ် မဟုတ်လား။
ဖြေ။ ။ ကျနော်ကတော့ အဲဒီမေးခွန်းကို ထောက်ခံတယ်လို့ အရင်ပြောမယ်။ အဲဒီမေးခွန်ကို ပြန်ဖြေချင်တာကတော့ ကျနော့် ကိုယ်ပိုင် ခံစားမှု၊ ကျနော့် ကိုယ်ပိုင် အတွေးအခေါ်နဲ့ပဲ ပြောချင်တယ်။ စာပေစိစစ်ရေး အဟန့်အတား ရှိတယ်လို့ပဲ ကျနော် ပြောင်ပြောပါရစေတော့။ ဒါပေမယ့် ဒီ အဟန့်အတား တအားရှိလို့ အနုပညာသစ်တွေ မဖန်တီးတော့ဘူး ဆိုရင် ရပ်သွားမှာ ပေါ့။ အဲဒီအဟန့်အတားကို ကျနော်တို့ ဘယ်လိုကျော်လွှားမလဲ ကျော်လွှားတဲ့နေရာမှာ အညင်သာဆုံး၊ အသိမ်မွေ့ဆုံး၊ လူလည်း နားလည်အောင်၊ စာပေစိစစ်ရေးလည်း နားလည်အောင် အဲဒီလို ကျနော်တို့က ချဉ်းကပ်ပြီးတော့ တဖြည်းဖြည်းနဲ့ ဖော်ဆောင်သွားရင် မကြာတော့တဲ့ ကာလမှာ ခေတ်ပေါ် အနုပညာဆိုတဲ့၊ ခေတ်ကို ထင်ဟပ်တဲ့ အနုပညာတွေဟာ ဘယ်လို အကြောင်းအရာနဲ့မဆို ထွက်လာနိုင်တယ်လို့တော့ ကျနော် ယုံကြည်တယ်။ ကျနော်က အဲဒီ ယုံကြည်မှုနဲ့ သွားနေတာ။
မေး။ ။ မြန်မာပြည်မှာက ခေတ်အဆက်ဆက် ကိုစောဝေ အပါအ၀င်ပေါ့၊ ဒီလိုမျိုး ထုတ်ဖော် ရေးသားရတာ အခက်အခဲတွေ ရှိတဲ့အခါကျတော့ နိမိတ်ပုံတွေနဲ့ အမျိုးမျိုး သွယ်ဝိုက်ပြတဲ့ နည်းတွေနဲ့ အနုပညာကို ဖန်တီးရတာမျိုးတွေ ရှိတယ်။ စာပေနယ် ရယ်လို့ မဟုတ်ဘဲ တခြားအနုပညာ နယ်တွေရောမှာပါ ရှိနေတာနဲ့ ပတ်သက်ပြီး ဒီလို သွယ်ဝိုက် ဖန်တီးရတဲ့ အနုပညာ သမား တွေ အပေါ်မှာ ကိုစောဝေ အနေနဲ့ ဘာပြောချင်လဲ။
သူတို့ကို ကျနော် ကိုယ်ချင်းစာတယ်။ ဒီအခက်အခဲကြီးကို နှလုံးသားကရော၊ ဦးနှောက်ကပါ ကျော်ဖြတ်နေရတဲ့ အတွက် ပိုပြီး ၀န်ထုပ်ဝန်ပိုးလည်း ဖြစ်စေတယ်။ အဲဒီလိုမဖြစ်စေချင်ဘူး။ အဲဒီလို မဖြစ်စေဖို့ ဆိုရင် ခုနက ပြောတဲ့ မည်သည့် ခေတ်မှာမဆို၊ မည်သည့် အစိုးရလက်ထက်မှာ မဆို ဒီ အနုပညာတွေကို ဟန့်တားနေမယ့် ဟာတွေကို ကျနော်တို့ အမှန်တရားနဲ့ ခေတ်ပေါ် ဆိုတဲ့ အသစ်အသစ်သော အနုပညာတွေကို ဖန်တီးမယ်ဆိုတဲ့ စိတ်နှလုံးကို သေသေချာချာလေး မွေးယူပြီး ညီညီ ညွတ်ညွှတ် လေး ဖြတ်သန်း မယ်ဆိုရင် တနေ့ ရလာပါလိမ့်မယ်လို့ပဲ ပြောပါရစေ။
မေး။ ။ ကိုစောဝေ စောစောက ပြောတဲ့ လူမှုရေး လုပ်ငန်းနဲ့ ပတ်သက်လို့၊ ထောင်ထဲမှာ ရှိစဉ်ကရော ကိုစောဝေရဲ့ အဖြူရောင် သက်တံ အဖွဲ့သားတွေက လှုပ်ရှားမှုတွေ ရှိနေခဲ့လား။ သူတို့တွေ အလုပ်တွေ လုပ်ဖြစ်နေတုန်းပဲလား။
ဖြေ။ ။ အဖြူရောင်သက်တံဆိုတဲ့ ခေါင်းစဉ်နဲ့ မလှုပ်ရှားကြပေမယ့်၊ နာဂစ်မှာဆို ကျနော် ထောင်ထဲမှာ ဖတ်ရပါတယ်၊ အဖြူရောင်သက်တံ အဖွဲ့ထဲမှာပါတဲ့ အနုပညာရှင်တွေ အားလုံး တယောက်မှ ကျန်နေခဲ့တာ မရှိဘူး။ နာဂစ်လှုပ်ရှားမှုမှာ အကုန်လုံး ပါဝင်ကြတယ်။ ပါဝင်တဲ့ အထဲမှာ ထူးထူးခြားခြား ထောင်ထဲ ၀င်လာရတဲ့ အထိ ဆောင်ရွက်ခဲ့တာကတော့ ကိုသူရ (ခေါ်) ဇာဂနာ၊ နောက်ပြီး ကိုဇော်သက်ထွေး၊ နေဘုန်းလတ်။ နေဘုန်းလတ်က အဖြူရောင် သက်တံကမဟုတ်ပေမယ့် သူလည်း လူမှုရေး လုပ်ငန်းတွေမှာ ထိုက်သင့်တဲ့ ပံ့ပိုးမှုတွေကို ကိုသူရနဲ့ တွဲပြီး လုပ်တယ်။ ပြောရရင်တော့ အများကြီးပါပဲ။
အဖြူရောင်သက်တံလို့သာ ခေါင်းစဉ်မခံတာ၊ သူတို့နည်း သူတို့ဟန်နဲ့ ဒီ ပရဟိတ လှုပ်ရှားမှုတွေတော့ ကျနော် ထောင်ကျ နေတုန်းမှာလည်း ရပ်နားထားတာ မရှိပါဘူး။ သူတို့နိုင်သလောက်၊ စွမ်းသလောက်၊ အခွင့်အရေး ရသလောက်၊ ကျနော်တို့ နိုင်ငံကလည်း အခွင့်အရေးဆိုတာ သိပ်အရေးကြီးတာကိုး၊ အခွင့်အရေး ရသလောက် နယ်ပယ် အသီးသီးက လုပ်နေ ကြ တယ်။ ကျနော် ထောင်ထဲကနေ ကျေနပ်၊ ကြည်နူးပြီးတော့ ဒီအနုပညာရှင်တွေကို သာဓု အမြဲခေါ်မိတယ်။
မေး။ ။ ဒီနာမည်နဲ့ပဲ ကဗျာရွတ်ပွဲတွေ ဆက်လှုပ်ရှား သွားမလား။
ဖြေ။ ။ ဟုတ်ကဲ့။ ဒီနာမည်နဲ့ပဲ ကျနော်က အနုပညာ အသစ်တွေကို တင်ပြရင်းနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ချင်တယ်။ ဒါပေမယ့် ဒီနာမည်အပေါ်မှာ ဘယ်လိုသက်ရောက်မလဲ၊ မသက်ရောက်ဘူးလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့။
မေး။ ။ ထောင်ထဲမှာလည်း စာဖတ်ခွင့်၊ စာရေးခွင့် ရခဲ့တယ်လို့ ဆိုရမှာပေါ့။ ဟုတ်လား။
ဖြေ။ ။ ကျနော် စာဖတ်ခွင့်လည်း ရပါတယ်၊ စာရေးခွင့်လည်း ရတဲ့အပြင်ကို အထူးခြားဆုံးက ... ထောင်ထဲမှာ ကျနော်တို့ ၅ (ည) လို့ သတ်မှတ်ထားတဲ့ နိုင်ငံရေး ပုဒ်မ၊ သူတို့ တရားဝင် အခေါ်ကတော့ သီးသန့် … အဲဒီလို လူတွေ တခါမှ မရဘူးတဲ့ အခွင့်အရေးကို ကျနော် စာရေးပြီး တရားဝင် တောင်းဆိုပါတယ်။ ကျနော် စာကြည့်တိုက် လုပ်ချင်တယ်လို့ ပြောတဲ့ အခါမှာ အင်းစိန်ဆေးရုံမှာ စာအုပ်ပေါင်း ၁၀၀၀ ကျော်နဲ့ စာကြည့်တိုက် ဖွင့်ခွင့်ရခဲ့ပါတယ်။ အဲဒီလိုပဲ ရမည်းသင်း မှာလည်း စာအုပ် ၁၀၀၀ လောက်နဲ့ စာကြည့်တိုက် ဖွင့်ခွင့်ရပါတယ်။ အင်းစိန်ထောင်မှာတော့ စာဖတ်တဲ့ အင်အားက အင်မတန်မှ ကောင်းပြီး တော့ အပြင်က စာကြည့်တိုက် ထက်တောင်မှ ကျနော် ကျေနပ်ခဲ့ရတယ်။ ရမည်းသင်းမှာကတော့ စာဖတ်တဲ့ အင်အားက နည်းတယ်။ တဖြည်းဖြည်း ဆွဲခေါ်လာတဲ့အခါမှာ ၁၈ လမှာ တော်တော် တက်လာပါတယ်။ အခုဆိုရင် အကျဉ်းသား ၄၀၀ ရှိတဲ့ နေရာမှာ တနေ့ကို ၁၂၀ လောက်အထိ စာဖတ်နှုန်း တက်လာပါတယ်။ အဲဒါလေး တခုကတော့ ကျနော်ထောင်ထဲမှာ လုပ်ခဲ့တဲ့ ပရဟိတ အလုပ်လို့ ပြောမလား၊ ဒါမှ မဟုတ် စာပေဒါနလို့ ပြောမလား အဲဒါတွေကို လုပ်ခဲ့ပါတယ်။
မေး။ ။ တခြားနိုင်ငံရေး အကျဉ်းသားတွေရော စာဖတ်ခွင့်၊ စာရေးခွင့်ရလား။
ဖြေ။ ။ ကျနော်နဲ့ နေခဲ့တဲ့ လူတွေ ရပါတယ်။ အင်းစိန်မှာ နေတုန်းကလည်း ထိုက်သင့်သလောက် စာဖတ်လို့ရပါတယ်။ စာရေးမယ် ဆိုရင်တော့ ခွင့်ပြုချက်တောင်းပြီး ရေးရင် စာရွက်တို့ ဘောလ်ပင်တို့ ပေးပါတယ်။
မေး။ ။ ကိုစောဝေ ထောင်ထဲမှာ နေတဲ့ အချိန်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခဲ့တဲ့ အတွက် ဆု ရခဲ့တယ်။ ဒီ ဆုရခဲ့တဲ့ အပေါ် ဘယ်လိုခံစားရလဲ။
ဖြေ။ ။ ဆုက ကျနော်ပျော်တာထက် ဆုပေးတဲ့လူရော၊ ဆုကို ရရှိတဲ့လူရော၊ ဆုအတွက် လက်ခုပ်တီးပေးတဲ့ လူတွေကိုရော အဖိုးတန်အောင် လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ ထင်တယ်။ အဲဒီတော့ ဒီလို ဆုပေးခြင်းအားဖြင့် ၁ ကတော့ ထောင်ထဲမှာ ရှိနေ တဲ့ အကျဉ်းသားအားလုံးကို အင်မတန်မှ အားရှိစေတယ်။ ၂ ကတော့ တတိုင်းပြည်လုံးပေါ့။ ဒီမိုကရေစီ အပြည့်အဝ ရတဲ့ တိုင်းပြည်မှာ ရှိနေတဲ့ လူတွေကနေ ကျနော်တို့ကို ထောက်ပံ့တဲ့၊ အားပေးတဲ့ အင်အားတရပ်လို့ ကျနော်မြင်ပါတယ်။ ဂုဏ် လည်း ယူပါတယ်၊ ကျေလည်း ကျေနပ်ပါတယ်။ အဲဒီဆုရရှိတဲ့ အတွက် ကျနော့်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို တတ်နိုင် လောက် စွမ်းဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချစေခဲ့ပါတယ်။
မေး။ ။ အချစ်ဂျာနယ်မှာ ပါခဲ့တဲ့ ကဗျာ ရေးနေတဲ့ အချိန်မှာ ကိုစောဝေရဲ့ခံစားချက်ကို သိခွင့်ရမလား။
ဖြေ။ ။ ကဗျာလို့ မပြောဘဲနဲ့ အနုပညာ ဖန်တီးတယ်လို့ ပြောင်းလိုက်ရင် အဲဒီမေးခွန်းကို ကျနော်ဖြေမယ်။ အခု ကျနော် အနုပညာတွေကို ဖန်တီးဖြစ်ခဲ့တယ်။ ကျနော် ပန်းချီလည်းဆွဲဖြစ်တယ်၊ ကဗျာလည်းရေးတယ်၊ ပါဖောမန့်လည်း လုပ်တယ်၊ အင်စတော်လေးရှင်း တွေလည်း လုပ်တယ်ပေါ့။ ကျနော်ဖန်တီးခဲ့တဲ့ အနုပညာရပ်တိုင်းဟာ ကျနော့်ရင်ထဲ၊ ကျနော့် ဦးနှောက် ထဲမှာ ဘာကို အလံလွှင့်ထူပြီးတော့ ခိုင်ခိုင်မာမာ စိုက်ထူထားသလဲ ဆိုတာ အမှန်တရားပါ။
အဲဒီအမှန်တရားက ကျနော် တယောက်တည်း ကြိုက်တဲ့ အမှန်တရားမဟုတ်ဘူး။ အာဏာရှင် တယောက်တည်း ကြိုက်တဲ့ အမှန်တရားမဟုတ်ဘူး။ ပိုက်ဆံရှိတဲ့လူတွေ ကြိုက်တဲ့ အမှန်တရားလည်း မဟုတ်ဘူး။ တကမ္ဘာလုံးက ကြိုက်တဲ့ အမှန်တရား ဆိုတာကို ကျနော် အနီးစပ်ဆုံး ချဉ်းကပ်ပြီးတော့၊ အဲဒီအလံကို လွှင့်ထူပြီးတော့ အဲဒီအမှန်တရားမှာ အခြေစိုက်ပြီးတော့ တကယ် အများပြည်သူ ခံစားရတဲ့ ခံစားမှုတွေကိုပဲ ကျနော် ဖော်ထုတ်တင်ပြတယ်၊ ဖန်တီးခဲ့တယ်လို့ပဲ ပြောချင်ပါတယ်။
5.6.10
irrawaddy interview with Saw Wai
Labels:
interview
Subscribe to:
Posts (Atom)